မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၅ -၂၆ အာရှအမျိုးသမီးချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲအတွက် ISPE အမျိုးသမီးအသင်းအနေဖြင့်လေ့ကျင်ပြင်ဆင်နေသည့်ပုံရိပ်ကို မြန်မာအမျိုးသမီးလိဂ်ကော်မတီကယနေ့တွင်ဖော်ပြထားသည်။
ISPE အမျိုးသမီးအသင်းအနေဖြင့် အုပ်စု (C) တွင်ပါဝင်နေပြီး နိုဝင်ဘာ ၉ ရက်၊ ည (၇)နာရီ အချန်တွင် တောင်ကိုးရီးယားကလပ် Suwon FC ဖြင့် အုပ်စုအဖွင့် ပွဲစဉ်ယှဉ် ပြိုင်ရမည်ဖြစ်သည်။
နိုဝင်ဘာ ၁၂ ရက်၊ ညနေ (၃)နာရီအချိန်တွင် ဂျပန်ကလပ် Tokyo Verdy၊ နိုဝင်ဘာ ၁၅ ရက်၊ ည (၇)နာရီအချိန်တွင် မြောက်ကိုးရီးယားကလပ် Naegohyang အသင်းတို့နှင့် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ အသီးသီးယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် အုပ်စုသုံးအုပ်စုမှ အုပ်စု ပထမ၊ ဒုတိယရရှိသည့် အသင်းနှစ်သင်းသည် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည့်အပြင် အကောင်းဆုံးအုပ်စု တတိယနှစ်သင်းသည်လည်း ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲများအတွက် ဝင်ကြေးအဖြစ် ရိုးရိုးတန်း နှစ်ထောင်ကျပ်နှင့် အထူးတန်း ငါးထောင်ကျပ် သတ်မှတ်ထားသည်။
အဆိုပါပြိုင်ပွဲတွင် ဆုကြေးခံစားခွင့်အဖြစ် Group stage $100,000၊ Quarter-finals $80,000 Semi-finals $120,000 ၊Runners-up $500,000 နှင့် Champions $1,000,000 ချီးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-MWL
