အာရှဒေသမှာ ရေကြီးရေလျှံမှု အန္တရာယ် မြင့်မားနေလို့ ကြိုတင်ပြင်ဆင်ထားကြပါလို့ ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO)က သတိပေးလိုက်ပါတယ်။
WMO က ဇွန်လမှာ ထုတ်ပြန်တဲ့ ‘အာရှ ရာသီဥတုအခြေအနေ ၂၀၂၄’ အစီရင်ခံစာမှာ အာရှဒေသဟာ ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် နှစ်ဆနီးပါးလောက် အပူချိန် မြန်မြန်တက်နေတယ်လို့ဆိုထားပါတယ်။
ဒီလို အပူချိန် မြန်မြန်တက်လာတာကြောင့် အပူလှိုင်း၊ မုန်တိုင်း၊ ရုတ်တရက်ရေကြီးတာမျိုး စတဲ့ ဆိုးရွားတဲ့ ရာသီဥတုဖြစ်ရပ်တွေ ပိုဖြစ်လာစေတယ်လို့ ဆိုတယ်။ အဓိက အကြောင်းရင်းကတော့ အပူချိန်တွေ တက်လာတာပါပဲ။
WMO ရဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်ဟာ အာရှအတွက် ဒုတိယအပူဆုံးနှစ် ဖြစ်ခဲ့ပြီး အပူချိန် မြန်မြန်တက်လာတာကြောင့် ဒေသတွင်း ရာသီဥတုက ပိုဆိုးလာတယ်။
ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာသလဲဆိုတော့…
သမုဒ္ဒရာတွေရဲ့ မျက်နှာပြင်အပူချိန်ဟာ စံချိန်တင် မြင့်မားခဲ့ပြီး၊ အပူချိန်ပြင်းထန်မှုကြောင့် ဟိမဝန္တာဒေသက ရေခဲမြစ်တွေမှာ နှင်းကျတာ သိသိသာသာ လျော့နည်းသွားကာ ရေခဲတောင်တွေ မြန်မြန် အရည်ပျော်ကုန်ကြပါတယ်။
မိုးသည်းထန်တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ များခဲ့သလို၊ ပုံမှန်မဟုတ်တဲ့ ပြင်းထန်မုန်တိုင်းတွေကြောင့်လည်း အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်ခဲ့ပြီး စီးပွားရေးဆုံးရှုံးမှုတွေလည်း တော်တော်များခဲ့တယ်။
အခုလက်ရှိမှာ အစိုးရိမ်ရဆုံးကတော့ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုပါပဲ။ ဒီဒေသတွေမှာ ရေမျက်နှာပြင် တက်လာတာဟာ ကမ္ဘာ့ပျမ်းမျှရေမျက်နှာပြင် မြင့်တက်လာတာထက် ပိုများနေလို့ ဒေသတွင်းက လူအများအပြားဟာ ရုတ်တရက် ရေကြီးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး လူသန်းပေါင်းများစွာရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
အဓိကဖြေရှင်းနည်းက ‘ကြိုတင်သတိပေးစနစ်’ တွေပါပဲ။
WMO ရဲ့ ဇလဗေဒဆိုင်ရာ ညွှန်ကြားရေးမှူး Stefan Uhlenbrock က “ရုတ်တရက် ရေကြီးတာဟာ အသစ်အဆန်းတော့ မဟုတ်ပေမယ့် မြို့ပြတွေ အလျင်အမြန်တိုးချဲ့လာတာ၊ မြေအသုံးပြုမှု ပြောင်းလဲလာတာ၊ ရာသီဥတုပြောင်းလဲတာတွေကြောင့် အကြိမ်ရေရော၊ ပြင်းထန်မှုပါ များလာတယ်။ ဒီလိုအခြေအနေတွေက မိုးပိုသည်းလာစေပြီး ရေကြီးဖို့ အလားအလာကို မြင့်တက်လာစေတာပါ” လို့ ပြောပါတယ်။
WMO ကတော့ သက်ဆိုင်ရာနိုင်ငံအလိုက် မိုးလေဝသဌာတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ထိခိုက်လွယ်တဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကြိုတင်အကြောင်းကြားနိုင်မယ့် ကြိုတင်သတိပေးစနစ် (Early Warning Systems) လိုမျိုး အခြေခံအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံဖို့ကို အလေးထား တိုက်တွန်းထားပါတယ်။
ရုတ်တရက် ရေကြီးတာဟာ ရေဘေးအန္တရာယ်တွေထဲမှာ အသေအပျောက် အများဆုံးဖြစ်ပြီး၊ ရေဘေးနဲ့ပတ်သက်တဲ့ သေဆုံးမှုအားလုံးရဲ့ ၈၅% နီးပါးလောက် ရှိသလို နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ကျော်လောက် စီးပွားရေးဆုံးရှုံးမှုတွေ ဖြစ်စေပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း လူပေါင်း ၁.၈၁ သန်းကျော်ကို သက်ရောက်မှုရှိနေပါတယ်။
ဒါ့အပြင် ဂြိုလ်တု၊ ရေဒါနဲ့ ရာသီဥတုပုံစံပြ မြင့်မားတဲ့ မော်ဒယ်တွေကနေ ရရှိတဲ့ အချက်အလက်တွေကို ပေါင်းစပ်ကာ သတိပေးချက်တွေကို နာရီပေါင်းများစွာ ကြိုတင်ပြီး ထုတ်ပြန်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းကတစ်ဆင့် ရေကြီးမှု ခန့်မှန်းချက်တွေကို ပိုမိုကောင်းမွန်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း WMO က ကြေညာလိုက်ပါတယ်။ ဒီအစီအစဉ်ကို ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန်ချိတ်ဆက်ထားတဲ့ မူဘောင်တစ်ခုအဖြစ်လည်း ချဲ့ထွင်နေတယ်လို့ ဆိုပါတယ်။
