အသေးစား လုပ်ငန်းများ ပုံမှန်လည်ပတ်စေခြင်း၊ တိုးချဲ့မှုပြုလုပ်လိုသော လုပ်ငန်းများအတွက် အထောက်အပံ့ကောင်း ဖြစ်စေရန် ရည်ရွယ်ပြီး ဧရာဝတီဘဏ်မှ အာမခံတန်ဖိုး အနည်းငယ်ဖြင့် (သိုမဟုတ်) အာမခံ မပါရှိဘဲ ချေးငွေကို ထုတ်ချေးပေးနိုင်ရန် AYA Micro Loan နှင့် ပတ်သက်၍ AYA ဘဏ်မှ စတင်မိတ်ဆက်ခဲ့သည်။
အဆိုပါ AYA Micro Loan လျှောက်ထားနိုင်သူများမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်သက်နှင့် လုပ်ငန်းလိုင်စင် သက်တမ်း အနည်းဆုံး (၁) နှစ် နှင့်အထက်ရှိသော အသေးစားလုပ်ငန်း လုပ်ကိုင်နေသူများ လျှောက်ထားနိုင်ကြောင်း၊ယင်းအပြင် အာမခံ အပေါင်ပစ္စည်းဖြင့် လျှောက်ထားပါက အများဆုံး လျှောက်ထားနိုင်သော ချေးငွေပမာဏ – ကျပ် သိန်း (၃၀၀) ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် (၉ ဒသမ ၅ ရာခိုင်နှုန်း) တစ်လလျှင် (၀ ဒသမ ၇၉ ရာခိုင်နှုန်း) အာမခံ အပေါင်ပစ္စည်း အမျိုးအစားမှာ အမည်ပေါက် မော်တော်ကား (သို့) တိုက်ခန်း (သို့) အမည်ပေါက် ဆိုင်ခန်း၊ချေးငွေ သက်တမ်း အများဆုံး (၁) နှစ်၊ ချေးငွေ ပြန်လည်ပေးဆပ်မှုစနစ်မှာ လစဉ်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး အာမခံ အပေါင်ပစ္စည်းမဲ့ CGI (ချေးငွေ အာမခံ) စနစ်ဖြင့် လျှောက်ထားလိုပါက အများဆုံး လျှောက်ထားနိုင်သော ချေးငွေပမာဏ ကျပ်သိန်း (၁၀၀) ဖြစ်ပြီး အတိုးနှုန်းမှာတစ်နှစ်လျှင် (၁၀ ဒသမ ၅ ရာခိုင်နှုန်း) တစ်လလျှင် (၀ ဒသမ ၈၇ ရာခိုင်နှုန်း) မြန်မာ့အာမခံလုပ်ငန်းသို့ ပေးဆောင်ရသော ပရီမီယံကြေး – ခွင့်ပြုချေးငွေ ပမာဏ၏ (၃ ရာခိုင်နှုန်း) ချေးငွေ သက်တမ်း – အများဆုံး (၁) နှစ် ချေးငွေ ပြန်လည်ပေးဆပ်မှုစနစ်မှာ လစဉ်ဖြစ်သည်။
အဆိုပါအကြောင်းအရာများနှင့် ပတ်သက်၍ နီးစပ်ရာ ဧရာဝတီဘဏ် ၊ ဘဏ်ခွဲများတွင် ချေးငွေ စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ၊ မရှိ တစ်ခါတည်း သိရှိနိုင်ပြီး လိုအပ်သော စာရွက်စာတမ်းများဖြင့် လျှောက်ထားနိုင်ကြောင်းသိရသည်။

