မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ၊ အာနန္ဒာဘုရားကြီးအတွင်းမှ ဥာဏ်တော် (၃၁) ပေကျော်ရှိ ရပ်တော်မူ ရုပ်ပွားတော် လေးဆူအား ရွှေသင်္ကန်းအသစ်များ ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အာနန္ဒာဘုရားအတွင်းရှိ ကကုဿန်၊ ဂေါဏဂုံ၊ ကဿပ၊ ဂေါတမ ဘုရားလေးဆူအား ရွှေသင်္ကန်းကပ်လှူသွားမည်ဖြစ်ပြီး ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များနှင့် ပဌာန်းဒေသနာတော်များ ရွတ်ပွားပူဇော်ကာ အမျှပေးဝေခဲ့ကြသည်။
လက်ရှိအချိန်၌ ရွှေသင်္ကန်းအသစ်ကပ်လှူပူဇော်မည့် ရပ်တော်မူရုပ်ပွားတော် (၄) ဆူအား ဝါးငြမ်းများဆင်ထားပြီးဖြစ်ကာ ရွှေသင်္ကန်းကပ်လှူပူဇော်လိုသူများ အနေဖြင့် (၂) လက်မပတ်လည် ရွှေဆိုင်းတစ်ဆိုင်းလျှင် ၁၅၀၀၀၀ ကျပ်ဖြင့် ကုသိုလ်ပြုပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည် ။
အဆိုပါ အာနန္ဒာဘုရားကြီးအတွင်းရှိ ရပ်တော်မူရုပ်ပွားတော် (၄) ဆူအား ကျန်စစ်သားမင်းကြီးက အေဒီ (၁၀၉၁)ခုနှစ်တွင် တည်ထားကိုးကွယ်တော်မူခဲ့ခြင်းဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ သိရသည်။