(၃၆)ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် မြန်မာအနေဖြင့် အာဆီယံ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် လူသားချင်း စာနာမှုအကူအညီများ ကိစ္စအပါအဝင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မေလ (၂၄) ရက် ကျင်းပခဲ့သည့် (၃၆)ကြိမ်မြောက် အာဆီယံ-အမေရိကန်အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယင်းအစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Daniel Kritenbrink နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး/ အင်ဒိုနီးရှား အဆင့်မြင့်အရာရှိကြီး Mr. Sidharto R. Suryodipuro တို့က ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက် အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် နှင့် အာဆီယံဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီး တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများက “အာဆီယံ-အမေရိကန် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး အကောင်အထည်ဖော်ရေး လုပ်ငန်းအစီအစဉ် (၂၀၂၁ – ၂၀၂၅) [Plan of Action implement the ASEAN-U.S. Strat egic Partnership (2021-2025]” နှင့် “အာဆီယံ-အမေရိကန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်ရေး လုပ်ငန်းအစီအစဉ် နောက်ဆက်တွဲဆောင်ရွက်ချက်များ (Plan of Action of Annex to the ASEAN-U.S. Comprehensive Strategic Partnership)” နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ အပါအဝင် အာဆီယံနှင့် အမေရိကန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အဆင့်မြင့်အရာရှိကြီးများက ပင်လယ် ရေကြောင်း လုံခြုံရေး၊ ပညာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး၊ အစိမ်းရောင် စီးပွားရေးနှင့် သမားရိုးကျ မဟုတ်သည့် စိန်ခေါ်မှုများအား အဖြေရှာ ဆောင်ရွက်ရေး၊ နည်းပညာပိုင်းဆိုင်ရာ မိတ်ဖက်ဆောင်ရွက်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အခြေခံအဆောက်အဦနှင့် ရာသီဥတုပြောင်းလဲမှုစသည့်ကဏ္ဍများ ဆွေးနွေးရာတွင်ပါဝင်ခဲ့ကြောင်း သိရသည်။
အာဆီယံ – အမေရိကန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက် ခိုင်မြဲစေရန်အတွက် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မည့် နယ်ပယ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာသံရုံးယာယီတာဝန်ခံက မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် အာဆီယံတူညီ ဆန္ဒ(၅) ချက် အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် လူသားချင်း စာနာမှုအကူအညီများကိစ္စအပါအဝင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။



