အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမည့် ယူ-၁၉ နှင့် ယူ-၁၆ အသင်းတို့၏ အပြီးသတ် ကစားသမားများစာရင်းကို ယနေ့ ဒီဇင်ဘာ (၂၁) ရက်တွင် အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကစားသမားများ စာရင်းကို သက်တမ်းအလိုက် သက်ဆိုင်ရာ အသင်းနည်းပြချုပ်များက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို နည်းပြချုပ်အဖြစ် ဦးကျော်စိုးမိုးမှ တာဝန်ယူ ကိုင်တွယ်လျက်ရှိပြီး မြန်မာယူ -၁၉ ဖူဆယ် အသင်းသည် အုပ်စု(ခ) တွင် အင်ဒိုနီးရှား၊ မလေးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို နည်းပြချုပ်အဖြစ် ဦးကျော်ဇင်ညွှန့်မှ တာဝန်ယူ ကိုင်တွယ်လျက်ရှိပြီး ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း အသင်းတို့နှင့် အုပ်စုပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၉ ဖူဆယ် အသင်း ပွဲစဉ်များအနေ ဖြင့် ဒီဇင်ဘာ (၂၃)ရက်တွင် မလေးရှားအသင်း၊ ဒီဇင်ဘာ (၂၄)ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ဒီဇင်ဘာ (၂၅)ရက်တွင် ကမ္ဘောဒီးယားအသင်းတို့နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
ထို့နည်းတူ မြန်မာ့လက်ရွေးစင် ယူ-၁၆ ဖူဆယ် အသင်းအနေဖြင့် ဒီဇင်ဘာ (၂၃) ရက်တွင် အင်ဒိုနီးရှားအသင်း၊ ဒီဇင်ဘာ (၂၄)ရက်တွင် ထိုင်းအသင်း၊ ဒီဇင်ဘာ (၂၅)ရက်တွင် ဗီယက်နမ်အသင်းနှင့် ဒီဇင်ဘာ (၂၆)ရက်တွင် ဘရူနိုင်းအသင်းတို့နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
