တရုတ်ဝန်ကြီးချုပ် လီကျင်းသည် အသစ်ဖွဲ့စည်းထားသော အရှေ့တောင်အာရှနိုင်ငံများနှင့် အာရပ်နိုင်ငံများဆိုင်ရာ စူပါအုပ်စု၏ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် မေလကုန်ပိုင်းတွင် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်နှစ်ခုက ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီလ၂ ရက် နေ့တွင် ကမ္ဘာလုံးဆိုင်ရာ စည်းကြပ်ခွန်များကို သတ်မှတ်ထုတ်ပြန်လိုက်ပြီးနောက် တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂ၊ ဂျပန်၊ ကိုရီးယားတို့နှင့် ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ရန် အရှိန်မြှင့်လုပ်ဆောင်နေသည်။ ထရမ့်သည် တရုတ်မှအပ အခြားနိုင်ငံများစွာအပေါ် အခွန်းစည်းကြပ်ထားမှုများကို ရုတ်တရက် ယာယီရပ်ဆိုင်းထားခဲ့သည်။
လီသည် မေလ ၂၆ ရက်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးအပြီး နောက်တစ်ရက်ဖြစ်သော မေ ၂၇ ရက်တွင် ကျင်းပမည့် အာဆီယံ-ဂျီစီစီ-တရုတ် ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ကွာလာလမ်ပူသို့ သွားရောက်မည်ဖြစ်သည်ဟု ယင်းကိစ္စနှင့်နီးစပ်သည့် သတင်းရင်းမြစ်နှစ်ခုက ရိုက်တာကို ပြောဆိုခဲ့သည်။ တရုတ်အစိုးရကမူ အစည်းအဝေးအတွက် မည်သည့်ပုဂ္ဂိုလ်ကို စေလွှတ်မည်ကို လူသိရှင်ကြား အတည်မပြုခဲ့ပေ။
ဂျီစီစီသည် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီဖြစ်ပြီး အဓိကရေနံထုတ်နိုင်ငံများဖြစ်သော ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ကာတာအပါအဝင် အာရပ်ခြောက်နိုင်ငံ ပါဝင်သည်။
ယခုနှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်သော မလေးရှားနိုင်ငံသို့ ပြီးခဲ့သည့်လတွင် သမ္မတရှီကျင့်ဖျင်သွားရောက်ခဲ့ပြီးနောက်သိပ်မကြာခင်တွင် တရုတ်နိုင်ငံ၏ ဒုတိယအဆင့် အရာရှိတစ်ဦး၏ ယခုခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ရှီ၏ ခရီးစဉ်အတွင်း လွန်ကဲသော အခွန်စည်းကြပ်မှုများကို တွန်းလှန်ရာတွင် စည်းလုံးကြရန် အာဆီယံနိုင်ငံများကို သူက တိုက်တွန်းခဲ့ပြီး ယင်းနောက်ပိုင်းမှစကာ အာဆီယံ-တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် အပြီးသတ်ရေး တိုးတက်မှုများလုပ်နိုင်ခဲ့သည်။
ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်သည့် ကာလတစ်ခုရောက်ရှိလာချိန်တွင် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံအကြား နက်ရှိုင်းသော စေ့စပ်ညှိနှိုင်းမှုများအတွက် လမ်းခင်းပေးဖွယ်ရှိသည့် ယခုသီတင်းပတ်ကုန်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ၌ ပြုလုပ်မည့် အလျော်အစားကြီးသော အမေရိက-တရုတ် ကုန်သွယ်ရေးဆွေးနွေးမှုအပြီးတွင် မလေးရှား ထိပ်သီးအစည်းအဝေး ကျင်းပမှာဖြစ်သည်။
Ref: ဘီတီ