လက်တွေ့ကျသည့်ရလဒ်များရရှိစေရေး ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ် ခိုင်မာစေရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လို
အာဆီယံနှင့် ပစိဖိတ်ဖြ-တ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကို နိုဝင်ဘာ ၂၀ ရက်က ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကလည်း ဝင်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီး ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
အာဆီယံနှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး ဘဘောတူစာချုပ်ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု တိုးမြှင့်နိုင်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့်နယ်ပယ်များ စသည့်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
“လက်တွေ့ကျသောရလဒ်များ ရရှိစေရန်အတွက် ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ခိုင်မာစေရေး၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေးနှင့်ထောက်ပံ့ရေးကွင်းဆက်ခံနိုင်ရည်ရှိရေးကဲ့သို့သော အဓိကနယ်ပယ်များမှာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဖို့ လိုအပ်ပါတယ်”ဟု ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါအစည်အဝေး၏ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်တွင် ကျင်းပနိုင်ရေး တာဝန်ပေးခြင်းနင့် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အာဆီယံနှင့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံတိုးတက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည် နည်းလမ်းများကိုရှာဖွေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကျင်းပခြင်းဖြစ်ပြီး ဩစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူ၊ ဗီယက်နမ်၊ ယူကေစသည့် အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံ ပါဝင်ကြောင်း သိရသည်။
