မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည့် ကိစ္စရပ်အပေါ် အာဆီယံသံရုံးအကြီးအကဲများအား သတင်းမှန်သိရှိစေရန် ရှင်းလင်းပြောကြားခဲ့
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်သံအမတ်ကြီး Mr. Pham Vinh Quang ဦးဆောင်ကျင်းပသည့် အာဆီယံကော်မတီ (အော်တာဝါ) သံရုံးအကြီးအကဲများ၏ (၂၉၄) ကြိမ်မြောက်အစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံသံရုံးအကြီးအကဲများက အာဆီယံ-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် မြန်မာအစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်း လိမ်လည်မှုအမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များအား နိုင်ငံတကာနှင့်ပူးပေါင်း၍ ဆောင်ရွက်နေမှုများနှင့် မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည့် ကိစ္စရပ်အပေါ် အာဆီယံသံရုံးအကြီးအကဲများအား သတင်းမှန်သိရှိစေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဗီယက်နမ်သံအမတ်ကြီးက အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်း သံအမတ်ကြီး Ms. Ang Lay Ling ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
