အာဆီယံက ကာလကြာရှည်ကိုင်စွဲထားသော မစွက်ဖက်ရေးမူသည် အရေးယူဆောင်ရွက်ခြင်းမပြုရန် “ဆင်ခြေ” တစ်ခုမဖြစ်သွားစေရေးအတွက် အဆိုပါမူကို ပြန်လည်စဉ်းစားသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောင်ကတ်ကေးက ပြောကြားလိုက်သည်။
စက်တင်ဘာလတွင် နိုင်ငံခြားရေးဝန်ကြီးတာဝန်မထမ်းဆောင်မီအထိ ရာထူးတာဝန်အမျိုးမျိုးတွင် ထမ်းဆောင်ခဲ့သော ဝါရင့်သံတမန်တစ်ဦးဖြစ်သည့် ဝန်ကြီးက တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား ပြင်းထန်လာသော ပြိုင်ဆိုင်မှုများအကြားတွင် အဖွဲ့ဝင် ၁၁ နိုင်ငံပါ ဒေသတွင်းအဖွဲ့အစည်းသည် အများသဘောဆန္ဒကို တည်ဆောက်ရန် သစ်လွင်သောချဉ်းကပ်မှုကို လက်ခံရမည်ဟု ပြောဆိုသည်။
“ကျွန်တော်တို့ မြန်မြန်သွက်သွက်လုပ်ရမယ်။ ပထမဦးစွာ ကျွန်တော်တို့မှာရှိတဲ့ ခွန်အားကို အသုံးပြုရမယ်။ ကျွန်တော်တို့ ဘက်မလိုက်ရဘူး” ဟု ပေကျင်းနှင့် ဝါရှင်တန်အကြား ၎င်း၏ နိုင်ငံ၏ ဆက်ဆံရေးဟန်ချက်ညီအောင်လုပ်ဆောင်မှုနှင့် ပတ်သက်၍ စီဆာကက်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ အင်အားကြီးနှစ်နိုင်ငံစလုံးအတွက် မဟာဗျူဟာအရ အရေးပါရမယ်” ဆိုခဲ့သည်။
တောင်းဆိုပါက မြန်မာ့အကျပ်အတည်းတွင် ထိုင်းနိုင်ငံသည် ကြားဝင်စေ့စပ်ပေးရန် အသင့်ရှိသည်ဟုလည်း This Week in Asia နှင့် နယ်သီးသန့်အင်တာဗျူးတွင် စီဆာကက်က ပြောဆိုခဲ့သည်။ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံနှင့် အခက်အခဲရှိနေသော ငြိမ်းချမ်းရေးသဘောတူညီချက်တွင် မိုင်းရှင်းလင်းရေးသည် ဘန်ကောက်၏ အဓိကဦးစားပေးအကြောင်းအရာဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေးကို အဓိကမူအဖြစ် ကြာမြင့်စွာကတည်းက လိုက်နာခဲ့သော်လည်း ယခုအခါ ပိုမိုအရေးတကြီးလုပ်ဆောင်ရန်လိုအပ်ကြောင်း စီဆာကက်က ပြောကြားခဲ့သည်။
“ဒီအထိရောက်လာပြီဆိုရင် ကျွန်တော်တို့ ပေါင်းစည်းပြီးပြီ၊ အပြန်အလှန်အမှီသဟဲပြုရပြီ၊ ဒေသတွင်းကို သက်ရောက်မှုရှိတဲ့ မြန်မာနိုင်ငံပြည်တွင်းရေးကိစ္စလိုမျိုးမှာ မစွက်ဖက်ရေးကိစ္စဟာ နည်းနည်းပြောင်းလွယ်ပြင်လွယ်ရှိနိုင်ရမယ်” ဟု ၎င်းက သတိပေးခဲ့သည်။
Ref: ဆော့ခ်ချိုင်းနားမောနင်းပို့စ်
