မြန်မာ့ပြည်တွင်းစစ်နှင့် တောင်တရုတ်ပင်လယ်တွင် ထိပ်တိုက်တွေ့မှုများ ပြင်းထန်နေချိန်၌ မလေးရှားနိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဌတာဝန်ကို စယူခဲ့ပြီဖြစ်ပြီး တနင်္ဂနွေနေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ တံခါးပိတ်အစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပခဲ့သည်။
မလေးရှားနိုင်ငံသည် ဒေသတွင်း ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ကတိပြုထားသော်ငြားလည်း မြန်မာနိုင်ငံဆိုင်ရာ မျှော်မှန်းချက်များနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ အာဆီယံ-တရုတ် ကျင့်ဝတ်ပြဌာန်းရေး ဆွေးနွေးပွဲများ ကို အရှိန်မြှင့်ရာ၌ ချိန်ဆသင့်သည်ဟု ထိပ်တန်းအရာရှိတစ်ဦးက ပြောဆိုသည်။
“ချက်ချင်းဖြေရှင်းသွားမယ်လို့ ပြောဖို့ကတော့ ရည်မှန်းချက်ကြီးလွန်းရာ ကျပါလိမ့်မယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်ချုပ် အေမရမ် မိုဟာမက်ဇင်က လန်ကာဝီကျွန်းတွင် ပြုလုပ်သည့် အစည်းအဝေးမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်က ၎င်း၏ ရပ်တည်ချက်ကို အခိုင်အမာကိုင်စွဲလာခြင်းနှင့် ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ယိမ်းယိုင်နေချိန်တွင် အဖွဲ့၏ အလှည့်ကျဥက္ကဌတာဝန်ကို မလေးရှားက ရယူခဲ့ခြင်းဖြစ်သည်။
“အားလုံးက မြန်မာကို ကူညီချင်ကြပါတယ်၊ စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်မြောက်ခဲ့ပြီး မလေးရှားရဲ့ ဥက္ကဌတာဝန်မှာ ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု အေမရန်က ပြောဆိုခဲ့သည်။
Ref: အာရပ်နူးစ်