(၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် သီးသန့်တွေ့ဆုံခဲ့သည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့သည် ဇူလိုင်လ (၁၆) ရက် ဒေသစံတော်ချိန် (၁၁) နာရီတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ခိုင်မာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံအပေါ် ဖိအားပေးဆက်ဆံမှုများ ရှိနေသည့် အာဆီယံနှင့် ကုလသမဂ္ဂ မျက်နှာစာတို့တွင် နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်က မြန်မာနိုင်ငံသို့ လာရောက်ကာ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် (၁) နာရီခွဲကြာ တွေ့ဆုံကာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သေးသည်။
ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ အာဆီယံအသိုင်းအဝိုင်းက တိုးတက်မှု တစ်ရပ်အနေဖြင့် ရှုမြင်မှုများရှိနေပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ တာဝန်ကိုကျော်လွန်လုပ်ဆောင်ခြင်းဟုလည်း ရှုမြင်မှုများလည်း ရှိနေခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် အပြန်
အလှန်ကုန် သွယ်မှုလုပ်ငန်းများ လုပ်ဆောင်နေရသည့် နိုင်ငံများဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားအရေး ၊ စစ်ဘေးရှောင်အရေး အဓိက သက်ဆိုင်နေသည့် နိုင်ငံဖြစ်သည့်အတွက် မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရာတွင် အခြားသော အာဆီယံနိုင်ငံများထက် ပိုမိုအားစိုက်လုပ်ဆောင်နေကြောင်းလည်း မစ္စတာ ဒွန်ပရာမွတ်(ဒ်) ဝီနိုင်းက အာဆီယံကို အသိပေး ပြောကြားထားသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း မြန်မာ့အရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ကမကထပြု လက်ခံကျင်းပခဲ့ပြီး အင်အားကြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယအပါအဝင် အာဆီယံနိုင်ငံအချို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။