အာဆီယံဒေသတွင်းကျွမ်းကျင်မှုများ ဖွံဖြိုးတိုးတက်ရေးအတွက် အာဆီယံအဖွဲဝင်နိုင်ငံများ ပူးပေါင်း ကာ HRD Fund တစ်ခုထူထောင်နိုင်ရန် အောက်တိုဘာနောက်ဆုံးပတ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် HRD Fund အစည်းအဝေးတွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲဝင်နိုင်ငံများက ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် ကပြောသည်။
ယမန်နေ့က ကျင်းပသည့် ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ညှိနှိင်းအစည်းအဝေး တွင် ကော်မတီ ဥက္ကဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် ကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အာဆီယံ နှင့် ညိနှိုင်းဆောင်ရွက်နေသည့် လုပ်ငန်းများအနက် ကျွမ်းကျင်လုပ်သားများ နှင့် စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်း သွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ နှင့် သက်ဆိုင်သည့် လုပ်ငန်းများမှ လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းပြည်ပအလုပ်အကိုင်ရရှိရေး၊ နိုင်ငံခြားသားအလုပ်သမားများကို ပြည်တွင်းအလုပ်အကိုင်များတွင် ခန့်ထားရေးတို့ ကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။
လုပ်သားထုကျွမ်းကျင်မှု ဖွံဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ASEAN Year of Skills (2025) တွင် အာဆီယံအဖွဲဝင် နိုင်ငံများအတွင်း ကျွမ်းကျင်မှုကွာဟချက်များကို ဖော်ထုတ်သတ်မှတ်ကာ ဒေသတွင်း လိုအပ်သော ကျွမ်းကျင်မှုသင်တန်းများကို မျှဝေနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းလည်း ဒုတိယဝန်ကြီး ဦးဝင်းရှိန် က ပြောသည်။
အဆိုပါ အစည်းဝေးတွင် ကျွမ်းကျင်လုပ်သားများနှင့် စီးပွားရေးလုပ်ငန်းလာရောက်လုပ်ကိုင်သူများ ရွှေ့ပြောင်းသွားလာလုပ်ကိုင်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲစည်းနိုင်ရေးအတွက် စုဖွဲမှုနှင့် လုပ်ငန်းတာဝန်သတ်မှတ်မှု၊ လုပ်ငန်းကော်မတီဝင်ဌာန၊ အဖွဲအစည်းများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
