အမေရိကန်ပြည်ထောင်စုရှိ အဓိက အစားအစာကုမ္ပဏီကြီးတစ်ခုသည် အသက် ၁၃ နှစ်နှင့် ၁၇ အကြား အရွယ်မရောက်သေးသည့် ကလေး ၁၀၂ ဦးအား တရားမဝင် အလုပ်ခန့်ထားပြီး ကော့စတစ်ဓာတုပစ္စည်းများနှင့် ဘရိတ်ဓားကဲ့သို့ အသွားထက်မြက်လှသော လွှများကို သန့်စင်ခိုင်းခဲ့သဖြင့် ဒဏ်ငွေ ကန်ဒေါ်လာ ၁သန်းခွဲ ပေးဆောင်ရန် အမိန့်ချမှတ်လိုက်သည်။
အဆိုပါ ကုမ္ပဏီမှာ Packers Sanitation Services ကုမ္ပဏီဖြစ်ပြီး ပြည်နယ် ၈ ခုရှိ အသားထုတ်လုပ်သည့် စက်ရုံ ၁၃ ရုံတွင် အရွယ်မရောက်သေးသူများအား ညဆိုင်းအလုပ်ခန့်ခဲ့ခြင်းကြောင့် အရပ်ဖက်ပြစ်ဒဏ်အဖြစ် ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု အလုပ်သမားရေးရာ စုံစမ်းရေးဌာနကဆိုသည်။
ထို့သို့အလုပ်များခိုင်းစေခဲ့ခြင်းကြောင့် ကလေး ၃ ဦးထက်မနည်း ဒဏ်ရာများရရှိခဲ့ကြကြောင်း စုံစမ်းရေးမှူးများကပြောသည်။
ယင်း ကုမ္ပဏီသည် ဖက်ဒရယ်ဥပဒေအရ အရွယ်မရောက်သေးပဲ အလုပ်ခန့်ထားသည့် ဝန်ထမ်း ၁ ဦးစီအတွက် ကန်ဒေါ်လာ ၁၅၁၃၈ နှုန်းဖြင့် ကလေး ၁၀၂ ဦးအတွက် ဒဏ်ငွေပေးဆောင်ရခြင်းဖြစ်သည်။