ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ မုဆိုးအိုင်ကျေးရွာတွင် ဇန်နဝါရီ (၃၀) ရက်ညပိုင်းက အသက်(၆၄) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး အသတ်ခံရပြီး ဝတ်ထားသည့်လက်စွပ်အားယူဆောင်သွားခံခဲ့ရကြောင်း သိရသည်။
မြန်အောင်မြို့နယ်၊ မုဆိုးအိုင်ကျေးရွာတွင် နေထိုင်သည့် ဦးဌေးမြင့် (၆၄)နှစ်မှာ ယမန်နေ့ ညပိုင်းက နေအိမ်၌ တစ်ဦးတည်းရှိနေချိန် ယင်းကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ဦးဌေးမြင့်မှာ ထိခိုက်ဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ အင်ပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အခင်းဖြစ် နေအိမ်အောက်ထပ်တွင် ဦးဌေးမြင့်သည် ထိခိုက်ဒဏ်ရာများနှင့်ပြတ်ရှဒဏ်ရာတို့ရရှိကာ သေဆုံးလျက်ရှိပြီး ၎င်း ဝတ်ဆင်ထားသည့် ရွှေလက်စွပ် (၁) ကွင်းမှာလည်းပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ထို့ကြောင့် အင်ပင်နယ်မြေရဲစခန်းမှ ပြစ်မှုကျူးလွန်သွားသူများအား ဖမ်းဆီးရမိရေးအတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၄ တို့ဖြင့်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။