အသက်ကြီးပေမယ့် အလုပ်လုပ်နေမှကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ ဘိုက်ကာဘကျော်
အသက်၆၈နှစ် အရွယ် စက်ဘီးစီးပြီး ပစ္စည်းတွေ၊မုန့်တွေကို Deliveryအနေနဲ့ ပို့ဆောင်ပေးနေသူကတော့ ၄၆လမ်းက ဦးကျော်ဝင်း (ခေါ်) ဘကျော်ပဲဖြစ်ပါတယ်။ ပင်စင်စားဘဝကို အိမ်မှာနေပြီး အေးဆေး မဖြတ်သန်းပဲ အလုပ်လုပ်နေမှ ကျန်းမာရေးအတွက် ကောင်းတာ ကြောင့် ပစ္စည်းပို့တဲ့အလုပ်ကိုလုပ်ဖြစ်နေကြောင်းကို ဘကျော်က အခုလိုပဲပြောပြခဲ့ပါတယ်။
“ အဘက အရင်က အစိုးရဝန်ထမ်း အလုပ်လုပ်တယ်။ အသက်အရွယ်လည်း ကြီးလာကော အလုပ်က နားတော့ အိမ်မှာပဲအေးဆေး နေရတာပေါ့။ ဒါပေမယ့်လည်း အိမ်မှာဘာအလုပ်မှ မလုပ်အကြာကြီး နေရတော့ စိတ်ကညစ်လာတယ်။ ကျန်းမာရေးတွေကလည်း မကောင်းတော့ဘူး။ အဲ့ဒါနဲ့ အဘရဲ့ အသိကလေးတွေက သူတို့အွန်လိုင်းကနေရောင်းတဲ့ မုန့်လေးတွေကို စက်ဘီးနဲ့ လိုက်ပို့ခိုင်းတယ်။ အဲ့မှာပဲ ဒီdelivery အလုပ်ကိုလုပ်ဖြစ်တာပါ။ အလုပ်လုပ်နေရရင် ပျော်တယ်။ ကိုယ့်ရဲ့ကြိုးစားမှုနဲ့ ပိုက်ဆံရှာရတာကို သဘော ကျတယ်။ အဘရဲ့ခံယူချက်က ကိုယ်ရှာတဲ့ ပိုက်ဆံသုံးရတာ ကိုယ့်အတွက်တန်ဖိုးအရှိဆုံးပဲ။ စက်ဘီးလေး နဲ့မုန့်လိုက်ပို့ရတော့ ကိုယ်ဝါသနာပါတဲ့ စက်ဘီး စီးတာလေးနဲ့တွဲလုပ်ရတာ စိတ်ချမ်းသာတယ်။” လို့ပြောပါတယ်