ပြည်တွင်း၌ အချိန်ကာလကြာမြင့်စွာ အသုံးပြုလာသည့် အာချီ (Arche) မိတ်ကပ်အပါအဝင် အလှကုန်ပစ္စည်းအမျိုးအစား (၃၀) ကို သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ယနေ့ ဧပြီလ (၁၀) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
အာဆီယံဒေသတွင်း နိုင်ငံများ၏ အစီအစဉ်အရ အာဆီယံဒေသတွင်းတွေ့ရှိရသော တားမြစ်ဓာတုပစ္စည်းပါဝင်သည့် အလှကုန်ပစ္စည်း (၃၀) မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများပါဝင်နေသဖြင့် အများပြည်သူသုံး စွဲရန်မသင့်ကြောင်း အသိပေးကြေညာထားသည်။
အဆိုပါ တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်ကြောင်း သိရသည်။
ထို့ကြောင့် အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေငြာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန်လည်း တားမြစ်ထားသည်။
အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပ ဒေပုဒ်မ ၃ အပိုဒ် (၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။







