အလုပ်သမားအဖွဲ့အစည်းများကို ဖွဲ့စည်းရာတွင် အလုပ်သမားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်စေရန်အတွက် စနစ်တကျ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက ပြောသည်။
ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ အထည်ချုပ်စက်ရုံများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားရေးရာဥပဒေများနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲအစည်းဥပဒေနှင့်အညီ အဖွဲအစည်းအဆင့်ဆင့်ဖွဲစည်းနိုင်ရေး ဦးစီးဌာနမှ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက ပြောသည်။
အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အလုပ်ရှင်နှင့် အလုပ်သမားများ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေးလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများအနေဖြင့် အလုပ်သမားရေးရာဥပဒေများနှင့်အညီ စည်းကြပ်ဆောင်ရွက်ပေးမှုများကို အလေးထားလိုက်နာရန်၊ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် ယုံကြည်မှုရှိခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေပြီး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
