အရှေ့တောင်အာရှနိုင်ငံများပါဝင်မည့် ဖီဖာအသိအမှတ်ပြု အာဆီယံဖလားပြိုင်ပွဲသစ်ကို ကျင်းပသွားမည်ဟု ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောကြားသည်။
အောက်တိုဘာ (၂၆) ရက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့် (၄၇) ကြိမ်မြောက် Asean Summit တွင် ဖီဖာ ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အာဆီယံဒေသတွင်း မီဒီယာတချို့က ဖော်ပြချက်အရ သိရသည်။
အာဆီယံဖလားပြိုင်ပွဲသစ် ကျင်းပရာ၌ အရှေ့တောင်အာရှ ( ၁၁ ) နိုင်ငံမှ လက်ရွေးစင်အသင်းများပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသည် ဖီဖာအသိအမှတ်ပြုပြိုင်ပွဲတစ်ပွဲဖြစ်သည့်အတွက် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ပြည်ပထွက်ကစားသမားများ မဖြစ်မနေစေလွှတ် ကစားသွားရမည်ဖြစ်ပြီးသက်ဆိုင်ရာနိုင်ငံအလိုက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရလည်း အကျုံးဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
