အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်၊ ၁/၂၀၂၅ ကို ၂၀၂၅ခုနှစ် ဇူလိုင် ၃၁ ရက်စွဲထုတ်ပြန်၍ တိုင်းနှင့် ပြည်နယ်များမှ မြို့နယ်များအားအရေးပေါ်အခြေအနေကြေညာခဲ့သည်။
ထိုသို့ ကြေညာခဲ့ပြီးနောက် ယနေ့ အောက်တိုဘာ ၃၁ ရက်တွင်လည်း ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၃ /၂၀၂၅ ဖြင့် တိုင်းနှင့် ပြည်နယ်များမှ မြို့နယ်များအားအရေးပေါ်အခြေအနေကြေညာခဲ့ခြင်းအား နောက်ထပ်ရက်ပေါင်း(၉၀)အထိ အတည်ဖြစ် သည်ဟု ကြေညာခဲ့သည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာ ၃၁ ရက်တွင် စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ /၂၀၂၅ ဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်ကထုတ်ပြန်ခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၁ /၂၀၂၅ နှင့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂၀၂၅ တို့သည်လည်း ဆက်လက်အတည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အတူ ယနေ့ အောက်တိုဘာ ၃၁ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၄ /၂၀၂၅ ဖြင့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့် ၃/ ၂၀၂၅ ဖြင့် အရေးပေါ်အခြေအနေဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် တိုင်း/ပြည်နယ်များမှမြို့နယ်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေးအမိန့်ကို ဆက်လက်ထုတ်ပြန်ခဲ့ပြီး လုပ်ပိုင်ခွင့်နှင့် တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဆက်လက်အပ်နှင်းသည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း(သို့)သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းများပြုလုပ်နိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။
