ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အက်ဆတ်သည် အရေးပေါ် အကူအညီများကို အချိန်မီပေးပို့နိုင်ရေးအတွက် တုကီယေးနှင့် ဆီးရီးယား အနောက်မြောက်ဘက်ကို ဆက်သွယ်ပေးထားသည့် ဘတ် အယ်ဆလမ် နှင့်အယ်လ်ရေး နယ်စပ်ဖြတ်ကျော်ဂိတ်နှစ်ခုကို သုံးလကြာ ဖွင့်လှစ်ပေးရန် သဘောတူညီခဲ့ကြောင်း ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကြေညာခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်မှာ ကုလသမဂ္ဂကယ်ဆယ်ရေးဆိုင်ရာအကြီးအကဲ မာတင် ဂရစ်ဖစ်က တနင်္လာနေ့တွင် ဆီးရီးယားသမ္မတာနှင့် ဒမတ်စကတ်တွင် တွေ့ဆုံပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားအမြဲတမ်းကိုယ်စားလှယ် ဘတ်စ်ဆမ် ဆဘတ်ဂ် ကလည်း ၎င်းတို့သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ရှိသမျှ နယ်စပ်ဂိတ်များမှတစ်ဆင့် နိုင်ငံတွင်းသို့ သုံးလကြာ ဝင်ရောက်ပေးမည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်ခဲ့သော ဖေဖော်ဝါရီ ၆ ရက်မှစ၍ သေဆုံးသူဦးရေ စုစုပေါင်း သုံးသောင်း ခုနှစ်ထောင်ရှိလာချိန်တွင် ဆီးရီးယားအနောက်မြောက်ပိုင်းရှိ သူပုန်တို့ ထိန်းချုပ်ထားသော ဒေသများ၌ သွားလာရေး အခက်အခဲများကြောင့် နိုင်ငံတကာမှ အရေးပေါ် အကူအညီများ ရောက်ရှိရန် ကြန့်ကြာနေလျက်ရှိသည်။
ကုလက ငလျင်ဒဏ်ကြောင့် သေဆုံးသူမှာ ငါးသောင်းအထိ တိုးလာနိုင်သည်ဟု ခန့်မှန်းထားသောကြောင့် ယခုကဲ့သို့ နယ်စပ်ဂိတ်များ ဖွင့်လှစ်ပေးလာခြင်းသည် သေဆုံးမှုနှုန်းလျော့ချရာတွင် အထောက်အကူဖြစ်လာမည် ဖြစ်သည်။
Source: WION

