ရန်ကုန်မြို့ ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်တွင် သက်သာသောဈေးဖြင့် ဆန်များရောင်းချပေးလျှက်ရှိရာ နေ့စဉ်ပျမ်းမျှ ဆန်အိတ်ရေအနည်းဆုံး (၅၀၀) မှ အများဆုံး (၇၀၀) အထိ ရောင်းချနေရကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးနေလင်း၏ ပြောပြချက်အရ သိရသည်။
ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဦးဆောင်ကာ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ ဝါးတန်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် အရန်ဆန်များကို ရောင်းချပေးနေခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရောင်းချပေးလျှက်ရှိရာတွင် ဩဂုတ်လ (၁၆) ရက်အထိ ဆန်အိတ်ရေ ၁၀,၀၀၀ ကို ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ဆန်ရောင်းချခြင်း အစီအစဉ်တွင် ဝယ်ယူလိုသူများအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတင်ပြရမည်ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ် (၁) ခုကို တစ်လအတွက် ပေါ်ဆန်းအမျိုးအစားဆန် (၁) အိတ်နှင့် ဧည့်မထအမျိုးအစားဆန် (၁) အိတ်ဝယ်ယူနိုင်ကြောင်း သိရသည်။
ရောင်းချပေးနေသည့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် (၁၁၀၀၀၀ ကျပ်)မှ (၁၂၀၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် (၉၄၀၀၀ ကျပ်)မှ (၉၇၀၀၀) ကျပ်၊ ဧည့်မထ (၁၀%) စားဆန်များ တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ ဧည့်မထ (၂၅%) စားဆန်များတစ်အိတ်လျှင် ၆၀၀၀၀ ကျပ် ဖြစ်ကြောင်းသိရသည်။
အသင်းချုပ်အနေဖြင့် မြင့်တက်နေသည့် ဆန်ဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် အရန်ဆန်များ ထုတ်ရောင်းပေးနေသော်လည်း ပြင်ပဈေးကွက်တွင် ဆန်ဈေးနှုန်းမြင့်တက်နေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိတွင် ပင်ပဈေးကွက်အတွင်း၌ ရောင်းချနေသည့် ဆန်ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း (၁) အိတ် ၁၃၇၀၀၀ ကျပ် မှ ၁၅၀၀၀၀ ကျပ် ၊ဆန်ချော (ဧရာဝတီပေါ်ဆန်းအုပ်စုဝင် ဆန်) (၁) အိတ်လျှင် ၁၁၀၀၀၀ ကျပ် မှ ၁၂၂၀ ၀၀ ကျပ် ၊ ဆန်ကြမ်း (ငစိန်၊ ဇီယာ အုပ်စုဝင် ) (၁) အိတ် လျှင် ၇၀၀၀၀ ကျပ်ကျော် မှ ၈၄၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။
ပုံစာ – ဩဂုတ်လ ၇ရက်နေ့တွင် ရန်ကုန်မြို့ ဝါးတန်းလမ်းရှိဆန်စပါး ကုန်စည်ဒိုင်တွင် ဆန်များ ရောင်းချနေသည့်မြင်ကွင်း