ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အရန်ဆန်အိတ်ရေ (၅၀၀၀၀) ကို ယခုတစ်ပတ်အတွင်း ထုတ်ရောင်းပေးသွားမည်ဖြစ်ကြောင်း ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။
ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပို့ကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသော အရန်ဆန်များ၊ အခြားသောအစီအစဉ်ဖြင့် စီစဉ်ထားသော အရန်ဆန်များအား ဈေးကွက်အတွင်းသို့ အမြန်ဆုံးထည့်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးကြေညာထားသည်။
“ဒီတစ်ပတ်ထဲ ထုတ်ရောင်းပေးသွားမယ်။ လိုသလောက် ရောင်းပေးသွားမယ်”ဟု ဆန်စပါးကုန်စည်ဒိုင်မှ တာဝန်ရှိသူ ဦးနေလင်းက ပေါ်ပြူလာနယူးစ်သို့ ပြောကြားသည်။
ကနဦးအနေဖြင့် (၂၅% အဆင့် -single polished &sorted ) (၅၀) ကီလိုအိတ်၊ အိတ်ရေ (၅၀၀၀၀) ကို ဦးစွာထုတ်ရောင်းသွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတိုးမြှင့်ရောင်းချရေး စီမံသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဆန်ဖူလုံမှုအပြည့်အဝရှိပြီး ၊ပိုလျှံမှုကို ပြည်ပသို့ စနစ်တကျတွက်ချက် တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် ပြည်တွင်းဆန်စပါးဖူလုံမှု၊ လုံလောက်မှုအပြည့်အဝရှိနေသည့်အတွက် လည်းကောင်း၊ လျှပ်စစ်ပိုမိုရရှိ၍ ဆန်စက်များ လည်ပတ်ချိန် ပိုများလာသည့်အတွက် လည်းကောင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)နှင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စပါးရိတ်သိမ်းချိန်၊ စပါးပေါ်ထွက်နေဆဲဖြစ်၍ ဆန်ဈေး၊ စပါးဈေး တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
သို့သော် သတင်းမှားများ ကောလာဟလများကြောင့် စားသုံးသူများ စိုးရိမ်မှုဖြင့် ဆန်များဝယ်ယူစုဆောင်းခြင်း၊ စိုးရိမ်ပူပန်ခြင်းများ မဖြစ်စေရန်နှင့် လိုအပ်မှုရှိမှသာဝယ်ယူရန် ဆန်စပါးအသင်းချုပ်အနေဖြင့် မေတ္တာရပ်ခံထားသည်။