အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ အသိအမှတ်ပြု အနုပညာအောင်လက်မှတ် ပေးအပ်ချီးမြှင့်နိုင်မည့် အသက်မွေးဝမ်းကျောင်း သင်တန်းများကို ဒီဇင်ဘာ (၁)ရက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း တက္ကသိုလ်၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် သိရသည်။
အဆိုပါ သင်တန်းများကို အခြေခံပညာ (မူလတန်း၊ အလယ်တန်း) အဆင့်နှင့် ကျောင်းထွက်ထားသူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
သင်တန်းတွင် ဂီတပညာဌာနမှ စောင်း၊ ပတ္တလား၊ စန္ဒရား၊ တယောနှင့် အဆိုဘာသာရပ်များ သင်ကြားပေးမည် ဖြစ် သည်။
ထို့ပြင် သဘင်ပညာဌာနမှ မြန်မာ့ရိုးရာရုပ်သေးပညာနှင့် မြန်မာ့ရိုးရာအကပညာ၊ ပန်းချီပညာဌာနမှ အခြေခံပန်းချီပညာ၊ ခဲပန်းချီနှင့် ရေဆေးပန်းချီရေးဆွဲနည်းတို့ကိုလည်း သင်ကြားပေးမည် ဖြစ်သည်။
ယင်းအပြင် ပန်းပုပညာဌာနမှ အခြေခံပန်းပုပညာ၊ မြန်မာ့ရိုးရာပန်းပုနှင့် ပန်းပုပုံဖော်နည်းပညာများကို သင်ကြားပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
သင်တန်းများကို သင်ကြားလိုပါက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သင်တန်းရေးရာဌာန၊ ဖုန်း ၀၉- ၄၂၁၀၁၂၈၀၈၊ ၀၉-၇၈၈၁၈၉၁၈၀၊ ၀၉- ၂၅၀၀၈၂၆၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်လျှောက်ထား မေး မြန်းနိုင်ကြောင်းလည်း အသိပေးဖော်ပြထားသည်။
ဓာတ်ပုံ – NUAC
