အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့်အတွက် အလုပ်ခေါ်စာ(Demean Letter) များကို ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးထားကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
၂၀၂၄ ခုနှစ် မေ (၁) ရက်မှစပြီး အလုပ်ခေါ်စာအသစ်တင်မည့် အလုပ်အကိုင်များအတွက် ကန့်သတ်မှုများ လုပ်ဆောင်ရန် ညွှန်ကြားမှုများ လုပ်ဆောင်ခဲ့သော်လည်း ယခုတွင် ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို ပြန်လည်ခွင့်ပြုခဲ့သော်လည်း အသက်အပိုင်းအခြားဖြင့် ပြန်လည်ခွင့်ပြုခြင်းဖြစ်ပြီး အသက်(၁၈)နှစ်မှအသက်(၂၂) နှစ်ကြားနှင့် အသက်(၃၁)နှစ်အထက် အမျိုးသားများကိုသာ စေလွှတ်မည်ဖြစ်ပြီး အသက် (၂၃) နှစ်မှအသက်(၃၁)နှစ်အထိ အမျိုးသားများကိုမူ ဆက်လက်ဆိုင်းငံ့ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ပေါ်ပြူလာအနေဖြင့် သီးခြားအတည်ပြုနိုင်ရန်လုပ်ဆောင်ဆဲဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ပြီး နောက်ပိုင်း လူငယ်အများစုမှာ ပြည်ပသို့ ထွက်ခွာ၍ အလုပ်လုပ်ကိုင်လျက်ရှိနေသည့် အခြေအနေ ဖြစ်သည်။
ထို့ပြင် နစက၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအသက်သွင်းအကောင်အထည်ဖော်ချိန်မှစ၍ ပြည်ပသို့ ထွက်ခွာသူ ဦးရေပိုမိုမြင့်မားလာချိန်တွင် အလုပ်သမားများ ပြည်ပထွက်ခွာခွင့်ယာယီကန့်သတ်ခြင်းဖြစ်ပေါ်လာခဲ့သည်။
သို့သော် အဆိုပါ ကန့်သတ်ချက်အပေါ် ဝေဖန်မူများထွက်ပေါ်လာပြီးနောက် ပြန်လည်ဖြေလျှော့သည့်အနေဖြင့် ယခင်အတိုင်း ပြန်လည်ခွင့်ပြုပေးထားကြောင်း နစကဘက်က ထုတ်ပြန်လာခြင်း ဖြစ်သည်။
