မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် အမျိုးသားများ၏ ပြည်ပထွက်ခွာခွင့်ကို မေလ (၁) ရက်မှစတင်၍ယာယီကန့်သတ်လိုက်သည့် သတင်းမှာ မှန်ကန်ကြောင်း အလုပ်သမား ဝန်ကြီးဌာနက အတည်ပြုသည်။
ယင်းကဲ့သို ကန့်သတ်ရခြင်းမှာ ပြည်ပထွက်ခွာခွင့်ကိစ္စရပ်များကို အချိန်ယူစိစစ်နိုင်ရန်အတွက် ယာယီဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူကသတင်းမီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
” ထွက်ခွာခွင့် ကိစ္စရပ်များ ပိုမိုအချိန်ယူ စိစစ်နိုင်ရန်နှင့် အခြားအခြေအနေများအရ ယာယီအားဖြင့် ဆိုင်းငံ့ထားခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ ပြည်ပထွက်ခွာခွင့်ယာယီကန့်သတ်ခြင်းသည် နိုင်ငံအားလုံးကို ဆိုလိုခြင်းဖြစ်ပြီး ယင်းသည် Demand(အလုပ်ခေါ်စာ) တင်သည့်သူသာ အကျုံးဝင်ကြောင်း မီဒီယာအချို့တွင်ရေးသားဖော်ပြထားသော်လည်း ယင်းအကြောင်းအရာနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ဖြေဆိုထားခြင်းမရှိပေ။
ယင်းညွှန်ကြားချက်နှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီး ဌာနမှ တစ်စုံတရာ အကြောင်းကြားထားခြင်းမရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သ ည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်းမှ စတင်ကာ ပြည်တွင်းရှိ လူငယ်လူရွယ်အများစုသည် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ လာအို အစရှိသည့် ဒေသတွင်းရှိ နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် အခြေအနေဖြစ်သည်။
လူများစုသည် ပတ်စ်ပို့ PV အမျိုးအစားဖြင့်ထွက်ခါ ရောက်ရှိနိုင်ငံတွင်အလုပ်လုပ်ရင်း PJ ပြောင်းသည့်အစီစဥ်များ လုပ်ဆောင်နိုင်သဖြင့် စိစစ်မည်ဟုထင်ကြေးပေးသူများလည်းရှိသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ၏ ပတ်စ်ပို့ ကိုစိစစ်ခြင်းမျိုးလည်းဖြစ်နိုင်ကြောင်းအချို့က ယူဆကြသည်။
မကြာသေးမီကာလက အသက်သွင်း အကောင်အထည်ဖော်နေသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ ရိုက်ခတ်မှုသည်လည်း ပြည်တွင်း၌ ကျန်ရှိနေသည့် လူငယ်လူရွယ်များကို ပြည်ပသို့ ထွက်ခွာရန် တွန်းအားတစ်ခုအနေဖြင့် တွန်းပို့နေပြီး လူငယ်အမြောက်အမြား ပြည်ပသို့ ထွက်ခွာနေကြသည့်အခြေအနေလည်း ဖြစ်သည်။
ပြည်တွင်း၌ လုပ်ခ လစာနည်းပါးခြင်း၊ နယ်မြေအလိုက်တည်ငြိမ်မူ ကွာခြားခြင်း၊ငွေကြေးဖောင်းပွခြင်းတို့က ပြည်တွင်း၌ လုပ်သားရှားပါးမှုများ ဖြစ်ပေါ်စေနိုင်မည့်အခြေအနေတစ်ရပ်အနေ ဖြင့် စိန်ခေါ်မှု မြင့်မားလျက် ရှိနေဆဲဖြစ်သည်။
ယခုကန့်သတ်ချက်သည် လူငယ်လူရွယ်များ စစ်မှုထမ်းဥပဒေအား ရှောင်ရှားရန် ကြိုးပမ်းခြင်းကို ကာကွယ်ရန် ထိန်း ချုပ်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသော်လည်း ယင်းပြောဆိုမှုများနှင့် ပတ်သက်၍ နစကနှင့် အလုပ်သမားဝန်ကြီးဌာနဘက်မှ တစ်စုံတရာ ပြောဆိုထားခြင်း မရှိပေ။