ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ဗိုလ်မှူးချုပ်သိန်းငွေ(ငြိမ်း)အပါအဝင် အငြိမ်းစားယူထားပြီးဖြစ်သည့် လူပုဂ္ဂိုလ်(၂၄၉) ဦးကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ချီးမြှင့်ခဲ့သည်။
၎င်းတို့အား ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွပ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၂၅ ဖြင့် ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရသူများတွင် ဝန်ကြီးဌာနအသီးသီး၌ တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ ဝန်ကြီးဌာနများ၏ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ နိုင်ငံတော်သမ္မတရုံး၊ အစိုးရအဖွဲ့ရုံး၊ အစိုးရပိုင်လုပ်ငန်းများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ပညာရှင်အဖွဲ့များ၊ အသင်း အဖွဲ့ဝင်များ၊ ရုပ်သံကျွမ်းကျင်သူများနှင့် ပန်းချီပညာရှင်များလည်းပါဝင်ကြောင်း သိရသည်။