ထိုင်းနှင့် အမေရိကန်နိုင်ငံတို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည့် ဒေသတွင်း စစ်ရေးတွေ့ဆုံပွဲသို့ မြန်မာတပ်မတော်အား ဖိတ်ကြားထားကြောင်း သိရသည်။
ငါးရက်တာ ကြာမြင့်မည့် ရေကြောင်းလုံခြုံရေးဆိုင်ရာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ပလပ်စ် (ADMM-Plus) ကျွမ်းကျင်သူများ အလုပ်အဖွဲ့ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စတင်ကျင်းပမည်ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ရှာဖွေကယ်ဆယ်ရေး၊ ပင်လယ်ဓားပြမှုနှင့် မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့် လူမှောင်ခိုကူးမှုတို့ကို ကိုင်တွယ်ဖြေရှင်းရန် ဒီဇိုင်းရေးဆွဲထားသည့် အယူအဆဆိုင်ရာ လေ့ကျင့်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်း Myanmar Now သတင်းဌာနက ပေါက်ကြားလာသည့် စာရွက်စာတမ်းများကို ကိုးကား၍ ပြောကြားထားသည်။
မြန်မာစစ်တပ်အား အာဆီယံဆိုင်ရာ သံတမန် ကျင့်ဝတ်များနှင့် အညီ အဆိုပါ တွေ့ဆုံပွဲသို့ ဖိတ်ကြားထားကြောင်း အမေရိကန် ကာကွယ်ရေးဌာ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး မာတင် မိုင်နာစ်က Myanmar Now သတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲ၌ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအပြင် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနှင့် အမေရိကတို့မှ ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်သည်။
Source: အယ်လ်ဂျာဇီးရာ