အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ထရမ့်ပ် အစိုးရသည် တရုတ်နှင့် ကုန်သွယ်ရေးကိစ္စ စေ့စပ်ညှိနှိုင်းရာတွင် သဘောတူညီချက် ရရန်အတွက် ထိုင်ဝမ်ကို နှစ်ရှည်လများ အမေရိက၏ ထောက်ခံမှုကို စွန့်လွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ထိုင်ဝမ်မှာ စိုးရိမ်စရာတွေ အများကြီးရှိပါတယ်။ အဲလို စိုးရိမ်နေရတာကလည်း မမှားပါဘူး။ စိုးရိမ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ကြုံတွေ့နေရတဲ့ အခြေအနေကြောင့်ပါပဲ” ဟု ရူဘီယိုက လေယာဉ်ပေါ်တွင် စနေနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။
” လူတွေက ထိုင်ဝမ်ကိုစွန့်လွှတ်ပြီး ထိုင်ဝမ် ကို အလဲအထပ်လုပ်ပြီး ကုန်သွယ်ရေးသဘောတူညီချက် တချို့ကို ရအောင်ယူသွားမှာကို စိုးရိမ်နေတာ။ ကျွန်တော်တို့ ဘယ်သူမှ ဒါမျိုးစဉ်းစားမှာ မဟုတ်ပါဘူး” ဟု ရူဘီယို က ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ လွတ်လပ်ရေးကို မထောက်ခံရန် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က အမေရိက ကို အသစ်တဖန် တွန်းအားပေးခဲ့သည်။ တရုတ်အစိုးရအနေဖြင့် သံတမန်ရေးအရ ကြီးကြီးမားမားအကျိုးရှိမည့် လိုက်လျောမှုဖြစ်သည့် ထိုင်ဝမ်၏လွတ်လပ်ရေးကို ဆန့်ကျင်ကြောင်း တရားဝင်ကြေငြာရန် ထရမ့်ပ် အစိုးရကတောင်းဆိုခဲ့သည်။
ထရမ့်ပ်သည် ယခုသီတင်းပတ်အတွင်း တောင်ကိုရီးယားတွင် ကျင်းပမည့် ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးကို တက်ရောက်စဉ် ရှီနှင့် တွေ့ဆုံရန် စီစဉ်ထားရာ ထိုသို့ တွေ့ဆုံမှုသည် ဇန်နဝါရီတွင် ထရမ့်ပ် ရာထူးပြန်တက်လာပြီးနောက်ပိုင်း ၎င်းတို့၏ ပထမဆုံး လူချင်းတွေ့ဆုံမှုဖြစ်သည်။
ထိုင်ဝမ်သည် ကုန်သွယ်ရေး၊ နည်းပညာလွှဲပြောင်းမှုနှင့် လူ့အခွင့်အရေးကဲ့သို့သော ကိစ္စရပ်များ၌ အမေရိကနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးတွင် အကြီးမားဆုံးသော ပြဿနာ တစ်ခုဖြစ်သည်။ ဝါရှင်တန်သည် ထိုင်ဝမ်၏ အကြီးမားဆုံး စစ်ဘက်ဆိုင်ရာ ကျောထောက်နောက်ခံဖြစ်ပြီး ထိုင်ဝမ်ကိုအမေရိက က အကာအကွယ်ပေးထားသည့်အတွက် ပေးဆပ်သင့်သည်ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။
အစောပိုင်းက သမ္မတ၏အထူးလေယာဉ် ပေါ်၌ ထိုင်ဝမ်အပေါ် အမေရိကန်မူဝါဒနှင့် ပတ်သက်၍ မေးမြန်းသောအခါ ထရမ့်ပ်က တိတိကျကျ ပြန်မဖြေခဲ့ဟုဆိုသည်။
“ကျွန်တော် အခု ဒီအကြောင်းကို မပြောချင်ပါဘူး။ ရှုပ်ထွေးမှုတွေ မဖန်တီးချင်ပါဘူး။ ခရီးစဉ်ကိုယ်တိုင်က ရှုပ်ထွေးနေပြီလေ” ဟု ထရမ့်ပ်က ဖြေကြား ခဲ့သည်။
Ref: သည်ဂျပန်တိုင်းမ်စ်
