အမေရိကသမိုင်းတွင် စံချိန်တင် ဆုကြေးငွေအမြင့်ဆုံး ဒေါ်လာ ၂ ဒသမ ၀၄ ဘီလျံတန် ပါဝါဘော ထီဆုကြီးကို နောက်ဆုံးတွင် အက်ဒ်ဝင် ကက်စထရို ဆိုသူက ဆွတ်ခူးရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
၂၀၂၂ နှစ်ကုန်ပိုင်းလောက်မှစ၍ အခါ ၄၀ ဆက်တိုက် ထီပေါက်စဉ် ကိုက်ညီသူ မရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆုကြေးငွေ များပြားလာခြင်းဖြစ်သည်။
ထီပေါက်သူကို ဖေဖော်ဝါရီလ ၁၄ ရက် အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ကယ်လီဖိုးနီးယား ထီအရာရှိများက ကြေညာခဲ့ကြောင်း ပါဝါဘော ထီက ၎င်း၏ တွစ်တာပေါ်တွင် ဖော်ပြထားသည်။
အဆိုပါထီပေါက်စဉ်ကြောင့် ကက်စထရိုသည် ၁,၂၉၂ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာကြောင်း ဖို့စ်ထ်၏ နောက်ဆုံးထုတ် ဘီလျံနာများစာရင်းတွင် ဖော်ပြထားသည်။
ကက်စထရို၏ တောင်းဆိုမှုကြောင့် သူ၏ အသက်၊ အလုပ်အကိုင်နှင့် နေရပ်လိပ်စာကိုမူ ထီအရာရှိများက ဖော်ပြခဲ့ခြင်းမရှိပေ။
ထီပေါက်သူသည် ဆုကြေးငွေကို နှစ် ၃၀ ခွဲကာ အပြည့်ထုတ်ယူခြင်း သို့မဟုတ် တစ်ခါတည်း အချီကြီး ထုတ်ယူနိုင်သည့် နည်းလမ်းနှစ်ခုမှ တစ်ခုကို ရွေးချယ်နိုင်သည်။ ကက်ထရိုသည် ဒုတိယနည်းလမ်းဖြစ်သည့် အချီကြီး ဒေါ်လာ ၉၉၇ သန်းကိုသာ ရွေးချယ်ခဲ့သည်ဟု ထီအရာရှိများက ဆိုသည်။
အဆိုပါ ထီလက်မှတ်ကို ရောင်းချပေးခဲ့သည့် လော့ဆန်းဂျလိစ်ရှိ စတိုးဆိုင်ကိုလည်း ဒေါ်လာ ၁ သန်း ချီးမြှင့်သွားမည်ဟု သိရသည်။
Source:SKY NEWs
