ကိုယ်ပိုင်လက်နက်သိုလှောင်ရုံ ကုန်ခန်းအောင်လုပ်မည်မဟုတ်ဟု ထရမ့်ဆို
ယူကရိန်းကို တိုမာဟော့ခ် ခရုစ်ဒုံးကျည်များ ထောက်ပံ့ခြင်းဖြင့် အမေရိကန်ပြည်ထောင်၏ ကိုယ်ပိုင်လက်နက်သိုလှောင်ရုံကို ကုန်ခမ်းစေမည်မဟုတ်ဟု သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် စကားပြောဆိုမှုအတွင်း အမေရိကန်၏တိုမာဟော့ခ်ဒုံးကျည်များကို ယူကရိန်းအား ထောက်ပံ့ပေးရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း သူက ပြောသည်။ “အမေရိကန်အတွက်လည်း တိုမာဟော့ခ်တွေ လိုအပ်တယ်။ ကျွန်တော်တို့မှာ အများကြီးရှိပေမယ့် လိုအပ်တယ်” ဟု ထရမ့်က ပြောသည်။
“ဆိုလိုတာက၊ ကျွန်တော်တို့နိုင်ငံအတွက် [လက်နက်သိုလှောင်ရုံကို] ကုန်ခမ်းအောင် မလုပ်ပါဘူး။ ဒါကြောင့်၊ သူတို့က အရမ်းအရေးပါတယ်၊ အရမ်းအစွမ်းထက်တယ်၊ အရမ်းတိကျတယ်၊ အရမ်းကောင်းတယ်၊ ဒါပေမဲ့ ကျွန်တော်တို့လည်း လိုအပ်တယ်၊ ဒါကြောင့် အဲဒါနဲ့ပတ်သက်ပြီး ဘာလုပ်နိုင်မလဲဆိုတာတော့ မသိသေးဘူး” ဟု ထရမ့်က ထပ်လောင်းပြောသည်။
ယူကရိန်းကို တိုမာဟော့ခ်များ ပေးပို့ခြင်းမှ တားဆီးရန်ကို ရုရှားသမ္မတက ပြောပါသလားဟု သတင်းထောက်များးကမေးမြန်းသောအခါ ထရမ့်က သရော်သောလေသံဖြင့် ပြောဆိုခဲ့သည်။
“သူက ဘာပြောမယ်လို့ ခင်ဗျားတို့ထင်လဲ။ ကျေးဇူးပြုပြီး ယူကရိန်းကို တိုမာဟော့ခ်တွေ ရောင်းပေးပါလို့ပြောမယ်များ ထင်နေလို့လား”ဟု ထရမ့်က သတင်းထောက်များကို ပြောသည်။ “ကျွန်တော် တကယ်ပြောခဲ့တယ်။ ခင်ဗျားရဲ့ အဓိကပြိုင်ဘက် ကို တိုမာဟော့ခ် အစင်းရေ တစ်ထောင်လောက် ပေးလိုက်ရင် စိတ်ထဲမှာ ဘယ်လိုများ ထင်မလဲလို့ မေးခဲ့တယ်၊ အဲဒီအတိုင်းပဲ ပြောခဲ့တာ”ဟုလည်း ထရမ့်ကပြောသည်။
ယင်းဒုံးကျည်များသည်“ကြမ်းတမ်းတဲ့၊ ထိုးစစ်ဆင်တဲ့၊ မယုံနိုင်လောက်အောင် ဖျက်ဆီးနိုင်စွမ်းရှိတဲ့ လက်နက်” ဟု ထရမ့်ကဆိုသည်။ “ဘယ်သူမှ ကိုယ့်ကို တိုမာဟော့ခ် နဲ့ ပစ်တာကို မလိုချင်ဘူး” ဟုလည်း ထရမ့်က ထပ်ပြောသေးသည်။
ယနေ့သောကြာနေ့တွင် ထရမ့်သည် ဗလာဒီမာ ဇယ်လန်းစကီး ကို အိမ်ဖြူတော် ၌ ဧည့်ခံရန် စီစဉ်ထားသည်။
