အမေရိကန်ပြည်ထောင်စု စွမ်းအင်ဝန်ကြီးဌာန၊ Sandia အမျိုးသားဓာတ်ခွဲခန်းမှ ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုသည် B61-12 နည်းဗျူဟာမြောက် သာမိုနျူကလီးယားဗုံးကို တို-က်ပွဲဝင်ထိပ်ဖူးမပါဘဲ ဩဂုတ်လအတွင်းကတည်းကပင်လျှင် အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စမ်းသပ်မှုများကို ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ နီဗားဒါးသဲကန္တာရအတွင်းရှိ စမ်းသပ်ကွင်းတစ်ခု၌ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စမ်းသပ်မှုများအတွင်း အမေရိကန်၏ ပဉ္စမမျိုးဆက် F-35 တို-က်လေယာဉ်များသည် တို-က်ပွဲဝင်ထိပ်ဖူးတပ်ဆင်ထားခြင်းမရှိသည့် သာမိုနျူကလီးယားဗုံးများကို သယ်ယူလာကာ မြေပြင်သို့ပစ်ချခဲ့သည်။ ယင်းစမ်းသပ်မှုများကို အမျိုးသားနျူကလီးယားလုံခြုံရေးအုပ်ချုပ်မှုအဖွဲ့ (NNSA) နှင့် ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားနျူကလီးယားလုံခြုံရေးအေဂျင်စီသည် အဆိုပါ လေကြောင်းမှ ပ-စ်ချသည့် သာမိုနျူကလီးယားဗုံးများ၏ သက်တမ်းကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းကတည်းကပင်လျှင် နောက်ထပ် အနှစ် ၂၀ ထပ်တိုးရန် စီစဉ်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
