အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အစိုးရ ရပ်ဆိုင်းမှု (shutdown) ကြောင့် အလုပ်ခေတ္တအနားပေးခံထားရသည့် ဝန်ထမ်းများအား လုပ်ငန်းပြန်စသည့်အခါ နောက်ကြောင်းပြန်လစာ(back pay) များကို ပေးချေခြင်း မပြုရန် ဖြစ်နိုင်ခြေကို စဉ်းစားနေကြောင်း မူကြမ်းစာရွက်စာတမ်းတစ်ခုကို ကိုးကား၍ ရို-က်တာ သတင်းဌာနက ဖော်ပြထားသည်။
ရို-က်တာ၏ ဖော်ပြချက်အရ အမေရိကန်အစိုးရအဖွဲ့၏ ဤအစီအစဉ်သည် အစိုးရရပ်ဆိုင်းမှု ပြီးဆုံးပြီးနောက် အနားပေးခံခဲ့ရသည့် ဝန်ထမ်းများအား လစာများကို အလိုအလျောက်ပေးချေရန် မတောင်းဆိုထားပါ။ ထို့ကြောင့်၊ အစိုးရဝန်ထမ်း ၇၀၀,၀၀၀ ခန့်သည် ၎င်းတို့၏ လစာများကို မရရှိဘဲဖြစ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ရို-က်တာက မှတ်ချက်ပြုသည်။
အောက်တိုဘာလ ၃ ရက်နေ့စွဲပါ မူကြမ်းစာရွက်စာတမ်းတွင် အိမ်ဖြူတော်မှ ရှေ့နေများ က သမ္မတထရမ့်၏ ပထမသက်တမ်းဖြစ်သော ၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေတွင် လစာများ အလိုအလျောက်ပေးချေရန် ပြဋ္ဌာန်းထားခြင်းမရှိဘဲ၊ ထိုသို့ပေးချေမှုမှန်သမျှကို အမေရိကန်ကွန်ဂရက်မှ အတည်ပြုရမည်ဟု အခိုင်အမာပြောကြားထားကြောင်း ရို-က်တာက ကိုးကားဖော်ပြထားသည်။
ယခုလ စက်တင်ဘာလ ၇ ရက်နေ့ အစောပိုင်းက သမ္မတထရမ့်သည် အစိုးရရပ်ဆိုင်းမှုကြားမှပင် အမေရိကန် အစိုးရဌာနများအတွင်း သိသာသော ဝန်ထမ်းလျှော့ချမှုများနှင့် အလုပ်ထုတ်မှုများကို အကောင်အထည်ဖော်နိုင်ကြောင်း၊ အစိုးရအစီအစဉ်အများအပြားကို ရပ်ဆိုင်းပစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင်၊ အစိုးရပြန်လည်စတင်လည်ပတ်ပြီးနောက်တွင်ပင် အချို့သောအစိုးရဝန်ထမ်းများအား နောက်ကြောင်းပြန်လစာ (back pay) ကို ထုတ်မပေးဘဲနေနိုင်ခြေကိုလည်း သူက ပယ်ချခဲ့ခြင်း မရှိပေ။
အမေရိကန် ဖက်ဒရယ်အစိုးရသည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသုံးစရိတ်များ အပါအဝင်အချို့သော အသုံးစရိတ်ပြဋ္ဌာန်းချက်များအပေါ် ကွန်ဂရက်ရှိ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်များနှင့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်များအကြား သဘောတူညီမှု မရရှိခဲ့သောကြောင့် အောက်တိုဘာလ ၁ ရက်နေ့ သန်းခေါင်ယံအချိန်မှ စတင်၍ ရန်ပုံငွေမရှိခြင်းကြောင့် တစ်စိတ်တစ်ပိုင်း အစိုးရရပ်ဆိုင်းမှု(partially shut down) ဖြစ်ပွားခဲ့သည်။ ပါတီနှစ်ဖက်စလုံးသည် နိုင်ငံရေးရည်ရွယ်ချက်များဖြင့် အစိုးရရပ်ဆိုင်းမှုကို နှိုးဆွခြင်းနှင့် ကြာမြင့်အောင် လုပ်ဆောင်နေခြင်းတို့အတွက် တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်နေကြသည်။
