အမေရိကန်ပြည်ထောင်စုတွင် ထူးကဲစွာ အအေးဓာတ်လွန်ကဲမှုကြောင့် ယခု သိရသမျှ လေကြောင်းလိုင်း ၅၇၀၀ ကျော် ခရီးစဉ်များ ဖျက်သိမ်းလိုက်ကြသဖြင့် ထောင်ပေါင်းများစွာသော ခရစ်စမတ်အားလပ်ရက် ခရီးသွားများ အခက်ကြုံနေကြရသည်။
အာတိတ်အအေးလှိုင်းသည် ဒီဇင်ဘာ ၂၃ ရက် သောကြာနေ့ အမေရိကန်ပြည်ထောင်စု နေရာအနှံ့ကို လွှမ်းခြုံသွားခဲ့ပြီး၊ အမေရိကန် အနောက်အလယ်ပိုင်းနေ လူသန်းနှင့်ချီ၍ စွမ်းအင်ထောက်ပံ့မှုများပြတ်လပ်ကာ စိတ်ပျက်ဖွယ် အားလပ်ရက်ကို ဖြစ်ပေါ်စေခဲ့သည်။
အဆိုပါ ပြင်းထန်သော ဆိုးရွားသည့် ရာသီဥတုကြောင့် နိုင်ငံတစ်ဝန်းရှိ မြို့တော်အာဏာပိုင်များက စာကြည့်တိုက်များနှင့် ရဲစခန်းများတွင် အပူပေးဌာနများ ဖွင့်ရန် နှိုးဆော်ပေးခဲ့ပြီး၊ အိုးမဲ့အိမ်မဲ့များအတွက်လည်း ယာယီခိုလှုံစရာများ တိုးချဲ့ဖန်တီးစေခဲ့သော်လည်း၊ သောကြာနေ့က သိရသမျှ အနည်းဆုံး လူ ၅ ဦး အအေးဒဏ်ကြောင်း သေဆုံးခဲ့ကြောင်းသိရသည်။



