သမ္မတ ထရမ့်အစိုးရ၏ ခရီးသွားလာမှုပိတ်ပင်ထားသည့် စာရင်းအသစ်တွင် ပါဝင်သော နိုင်ငံ ၁၉ နိုင်ငံမှ အမေရိကန်နိုင်ငံသားအဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် စီစဉ်ထားသူအချို့၏ နိုင်ငံသားပြုခွင့် အခမ်းအနားများကို ရပ်ဆိုင်းလိုက်ကြောင်း သတင်းရင်းမြစ်များစွာက ဖော်ပြသည်။
ယင်း ၁၉ နိုင်ငံမှာ အာဖဂန်နစ္စတန်၊ ဘားမား(မြန်မာ)၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်၊ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားတို့ ဖြစ်ကြသည်။
ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ်က ယင်းစာရင်းတွင် ထပ်မံထည့်သွင်းမည့်နိုင်ငံများအား သမ္မတ ဒေါ်နယ် ထရမ့်ကို အကြံပြုခဲ့ကြောင်း ပြောကြားခဲ့သော်လည်း မည်သည့်နိုင်ငံများဖြစ်သည်ကို ပြောကြားခြင်းမရှိပေ။
ထပ်မံထည့်သွင်းမည့် နိုင်ငံများကို ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက “မကြာမီ” ကြေညာမည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုသီတင်းပတ်နှောင်းပိုင်းအတွက် စီစဉ်ထားသည့် ဗင်နီဇွဲလား၊ အီရန်နှင့် အာဖဂန်နစ္စတန်နိုင်ငံသားများ၏ နိုင်ငံသားပြုခွင့်အခမ်းအနားများကို ဖျက်သိမ်းလိုက်ကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။
ဝါရှင်တန်ဒီစီတွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီးနောက် အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှု(USCIS) က ပြီးခဲ့သည့်အပတ်က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ခိုလှုံခွင့်လျှောက်ထားမှုအားလုံးကို အပြည့်အဝပြန်လည်သုံးသပ်ရန်အတွက် ခေတ္တရပ်ဆိုင်းခဲ့သည်။
အဆိုပါ ခေတ္တရပ်ဆိုင်းမှုသည် ခရီးသွားလာခွင့်ပိတ်ပင်ထားသည့် ၁၉ နိုင်ငံမှ လူပုဂ္ဂိုလ်များအတွက် အမှုတွဲအားလုံးကို အပြီးသတ်ဆုံးဖြတ်ခြင်းအပါအဝင် ဖောင်ပုံစံအမျိုးအစားအားလုံး၏ အတည်ပြုချက်များနှင့် ငြင်းပယ်ချက်များအားလုံးအပေါ် သက်ရောက်မှုရှိသည်။
အဆိုပါနိုင်ငံများမှ အချို့လူများသည် နိုင်ငံသားပြုခွင့်ဆိုင်ရာ တွေ့ဆုံမေးမြန်းမှုများကို အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းခံခဲ့ရကြောင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေတစ်ဦးက ပြောကြားသည်။
“သမ္မတ ထရမ့်အစိုးရဟာ နိုင်ငံသားဖြစ်လာမယ့်သူတွေဟာ အကောင်းဆုံးထဲက အကောင်းဆုံးဖြစ်ကြောင်း သေချာစေဖို့အတွက် အစွမ်းကုန်ကြိုးပမ်းနေပါတယ်” ဟု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန(DHS) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
“နိုင်ငံသားဖြစ်ခွင့်ဆိုတာဟာ အထူးအခွင့်အရေးဖြစ်ပြီး၊ ရပိုင်ခွင့်မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် စွန့်စားမှုမျိုးကို ကျွန်တော်တို့ ဘယ်တော့မှ မလုပ်ပါဘူး။ စိုးရိမ်ရတဲ့နိုင်ငံတွေက နိုင်ငံခြားသားတွေကို ဘိုင်ဒန်အစိုးရက ပေးခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးခံစားခွင့်အားလုံးကို သမ္မတ ထရမ့်အစိုးရက ပြန်လည်သုံးသပ်နေပါတယ်” ဟုလည်း သူကဆိုသည်။
