အတ္တလန္တိတ်သမုဒ္ဒရာရှိ အပျော်စီးသင်္ဘောကြီးတစ်စင်းပေါ်တွင် ရှားရှားပါးပါး ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဟု ယူဆရသည့် ဖြစ်စဉ်ကြောင့် လူသုံးဦးေ-သဆုံးပြီး နာမကျန်းသူ သုံးဦးထက်မနည်းရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
အာဂျင်တီးနားနိုင်ငံ Ushuaia မှ ကိတ်ဗာဒီသို့ ထွက်ခွာလာသော Hondius သင်္ဘောပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဒီနေ့အထိ ဟန်တာဗိုင်းရပ်စ် ကူစက်မှုတစ်ခုကို ဓာတ်ခွဲခန်းမှာ အတည်ပြုထားပြီး နောက်ထပ် သံသယရှိသူ ငါးဦး ရှိပါတယ်” ဟု WHO က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
“ကူးစက်ခံရသူ ခြောက်ဦးအနက် သုံးဦး ေ-သဆုံးခဲ့ပြီး တစ်ဦးကတော့ တောင်အာဖရိကမှာရှိတဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ရှိနေပါတယ်” ဟု လည်း WHO က ပြောကြားခဲ့သည်။
ဟန်တာဗိုင်းရပ်စ်သည် ကူးစက်ခံထားရသော ကြွက်နှင့် ကြွက်ကဲ့သို့ ကိုက်ဖြတ်တတ်သော တိရစ္စာန်များ၏ ဆီး သို့မဟုတ် မစင်နှင့် ထိတွေ့ခြင်းဖြင့် ကူးစက်သည်။ အဆိုပါဗိုင်းရပ်စ်သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ပြင်းထန်စွာဖြစ်ပွားစေနိုင်ကြောင်း WHO က ပြောကြားသည်။
ဟန်တာဗိုင်းရပ်စ်သည် ရောဂါနှစ်မျိုးကို ဖြစ်စေသော ဗိုင်းရပ်စ်မိသားစုတစ်ခုဖြစ်ပြီး ပထမတစ်ခုသည် အဆုတ်ကို အဓိကထိခိုက်စေကာ နောက်တစ်မျိုးမှာ ကျောက်ကပ်ကို တိုက်ခိုက်သည်။
ပထမတစ်ခုသည် ေ-သဆုံးမှုနှုန်း ၄၀ ရာခိုင်နှုန်းအထိ မြင့်မားသောကြောင့် အဓိကအာရုံစိုက်ရသည့် ရောဂါဖြစ်သည်။
WHO ၏ အဆိုအရ ဗိုင်းရပ်စ်သည် အဓိကအားဖြင့် ကြွက်များမှ ကူးစက်သော်လည်း ရှားရှားပါးပါးအခြေအနေများတွင် လူအချင်းချင်း ကူးစက်နိုင်ကြောင်း သိရသည်။
Ref: စီအင်န်အေ
