နူးဒေလီ/ခတ္တမန္ဒူ၊မေ ၂
အိန္ဒိယနိုင်ငံ ကယ်ရီလာပြည်နယ်၌ အပူချိန်အဆမတန်မြင့်တက်မှုကြောင့် အခြေခံပညာကျောင်းများနှင့် ကောလိပ်များကို မေလ ၈ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်းအာဏာပိုင်များကပြောကြားခဲ့သည်။
အိန္ဒိယမိုးလေဝသဌာနကမူ နိုင်ငံတွင်း၌ ဧပြီလမှဇွန်လအထိ အပူချိန်မြင့်နိုင်သေးသည်ဟုခန့်မှန်းထားသည်။
အာရှ၌ လက်ရှိအချိန်တွင် အယ်လ်နီညိုကြောင့် ပုံမှန်ထက်ပိုမိုပူပြင်းခြောက်သွေ့တတ်ကြောင်းလည်း အိန္ဒိယမိုးလေဝသဌာနကပြောကြားခဲ့ပြီး ကယ်ရီလာပြည်နယ် တာဝန်ရှိသူများကလည်း ပြည်သူများအား နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ရှားရန်ညွှန်ကြားထားကြောင်းသိရသည်။
ထို့အပြင် အပူချိန်မြင့်မားမှုကြောင့် တောမီးလောင်ကျွမ်းနိုင်သည့်အခြေအနေကိုထိန်းသိမ်းရန်တာဝန်ရှိသူများကို ပြည်နယ်အစိုးရကညွှန်ကြားထားသည်။
အိန္ဒိယ၌သာမက နီပေါနိုင်ငံတွင်လည်း အပူချိန်မြင့်တက်မှုကြောင့် တောမီးအန္တရာယ်နှင့်ရင်ဆိုင်နေရပြီး ထိန်းချုပ်နိုင်ရန် တာဝန်ရှိသူများက အသည်းအသန်ကြိုးစားနေရသည်ဟုလည်းသိရသည်။
အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအရ ယခုနှစ်အတွင်း နီပေါနိုင်ငံတစ်ဝန်းတောမီးလောင်ကျွမ်းမှုပေါင်း ၄,၅၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါးရှိလာသော်လည်း ၂၀၂၁ ခုနှစ်က စံချိန်တင်ဖြစ်ခဲ့သည့်အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုထက်မူ လျော့နည်းနေသေးကြောင်းသိရသည်။
Ref 1 : ရိုက်တာ/အမ်အိုင်
Ref 2 : အေအက်ဖ်ပီ/အာရ်ဂျေ

