နယ်စပ်တွင် အပစ်အခတ်ရပ်စဲရေးအတွက် ကမ္ဘောဒီးယားကိုသာ ဦးတည်တောင်းဆိုသင့်ကြောင်းနှင့် ထိုင်းနိုင်ငံသည် မည်သည့်အခါကမှ စတင်ပစ်ခတ်ခဲ့ခြင်းမရှိဘဲ ရန်စမှုများကို တုန့်ပြန်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က အခိုင်အမာပြောကြားခဲ့သည်။
အင်္ဂါနေ့က နိုင်ငံတော်လုံခြုံရေးကောင်စီအစည်းအဝေးပြီး ပြောကြားခဲ့ရာ၌ ထိုင်းသည် လက်နက်ကြီးများကို အသုံးပြုကာတို-က်ခို-က်နေသည်ဟူသော ကမ္ဘောဒီးယား၏ ပြောကြားချက်ကို မစ္စတာအနူတင်က ပယ်ချခဲ့ပြီး အိမ်နီးချင်းနိုင်ငံသည် ထိုင်းနယ်မြေအတွင်းကို ဘီအမ်-၂၁ ရော့ကက်များပစ်ခတ်ခဲ့ကြောင်းနှင့် နှစ်ဖက်အသုံးပြုခဲ့သော လက်နက်များကို နှိုင်းယှဉ်ကြည့်ရန် လေ့လာစောင့်ကြည့်သူများကို တိုက်တွန်းခဲ့သည်။
အပစ်အခတ်ရေးစဲရေးကို ဦးတည်ရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အခွန်ခြောက်လုံးများဖြင့် နှစ်ဖက်စလုံးကို တွန်းအားပေးခဲ့သည်ဆိုသော သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင်မူ မစ္စတာအနူတင်က ဖြေကြားရန် ငြင်းဆိုခဲ့သည်။
ပဋိပက္ခကို သူရပ်တန့်နိုင်သည်ဆိုသော မစ္စတာထရမ့်ပ်၏ ပြောဆိုချက်အပေါ် မေးမြန်းခဲ့ရာတွင် မစ္စတာအနူတင်က “ထိုင်းနိုင်ငံက ဘယ်တုန်းကမျှ စပစ်တာမျိုး မလုပ်ခဲ့တဲ့အတွက် ပစ်တာတွေရပ်ဖို့ ကမ္ဘောဒီးယားကို ပထမဦးစွာ တောင်းဆိုသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
သို့သော် အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာဖိအားမရှိဟုလည်း မစ္စတာအနူတင်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်မှုများကို ရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုမှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
