အနောက်အာဖရိကရှိ ဂါဘွန်နိုင်ငံတွင် ဗုဒ္ဓဟူးနေ့က စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး၊ ဗိုလ်ချုပ်ကြီး Brice Oligui Nguema ကို အသွင်ကူးပြောင်းရေးခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ကြောင်းသိရသည်။ အာဏာသိမ်းပြီးနောက် နာရီပိုင်းအတွင်းတွင်ပင် စစ်တပ်မှ ဗိုလ်ချုပ်ကြီးများသည် အသွင်ကူးပြောင်းရေးကို ဦးဆောင်မည့်သူအားရွေးချယ်ရန် တွေ့ဆုံခဲ့ကြပြီး သမ္မတကိုယ်ရံတော်တပ်ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီး Brice Oligui Nguema ကို ခန့်အပ်ရန် တညီတညွတ်တည်းမဲဖြင့် သဘောတူခဲ့ကြခြင်းဖြစ်သည်။
စစ်တပ်မှ အရာရှိများက ၎င်းတို့ အာဏာရသွားပြီဟု ဗုဒ္ဓဟူးနေ့ အစောပိုင်းက ရုပ်သံတွင် ကြေညာခဲ့ကြသည်။ Libreville မြို့နှင့် အခြားနေရာများတွင်မူ လူအုပ်ကြီးများက စစ်တပ်၏ ကြေငြာချက်ကို ဂုဏ်ပြုခဲ့ကြကြောင်းသိရသည်။
မစ္စတာ Ali Bongo က အနိုင်ရသည်ဟု ကြေညာထားသည့် စနေနေ့ ရွေးကောက်ပွဲ ရလဒ်များကိုလည်း ဖျက်သိမ်းလိုက်ကြောင်းသိရသည်။ အတိုက်အခံများကမူ သမ္မတဟောင်းအား မဲလိမ်သည်ဟု စွပ်စွဲကြသည်။
Gen Nguema တပ်များသည် ဂါဘွန်နိုင်ငံ၏ မြို့တော် Libreville ၏လမ်းများတစ်လျှောက် အောင်ပွဲခံခဲ့ကြသည်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် Mr Bongo ၏သားတစ်ဦးကို ဖမ်းဆီးထားကြောင်း အာဏာသိမ်း အရာရှိများက ပြောသည်။
ရာထူးမှဖယ်ရှားခံရသောသမ္မတ Ali Bongo က ၎င်း၏ “ကမ္ဘာတစ်ဝှမ်းရှိ မိတ်ဆွေများ” ကို အကူအညီတောင်းသည့် ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာတွင်ပေါ်လာခဲ့သည်။
ပြင်သစ်ကိုလိုနီဟောင်းဖြစ်သည့် ဂါဘွန်နိုင်ငံသည် အာဖရိက၏ အဓိက ရေနံထုတ်လုပ်သည့် နိုင်ငံများအနက် တစ်ခုဖြစ်သည်။
သမ္မတ မစ္စတာ Ali Bongo ကို ဖြုတ်ချလိုက်ခြင်းက သူ့မိသားစု၏ ၅၅ နှစ်ကြာ နိုင်ငံတော်အာဏာ ချုပ်ကိုင်ထားမှုကို အဆုံးသတ်စေခဲ့ကြောင်း ဆိုကြသည်။
သို့သော် Ali Bongo မိသားစုနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည့် ကုလသမဂ္ဂ၊ အာဖရိကသမဂ္ဂနှင့် ပြင်သစ်တို့ကမူ အာဏာသိမ်းမှုကို ရှုတ်ချခဲ့သည်။
![](https://www.popularmyanmar.com/wp-content/uploads/2023/08/photo_6305384502087759806_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/photo_6305384502087759803_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/photo_6305384502087759804_x.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/photo_6305384502087759805_y.jpg)
![](https://www.popularmyanmar.com/wp-content/uploads/2023/08/photo_6305384502087759807_x.jpg)