အမေရိကန်နှင့် ဗြိတိန်တို့၏ ထောက်လှမ်းရေးအေဂျင်စီများသည် ကမ္ဘာ့အဓိကဒေသများရှိ အခြေအနေကို မတည်ငြိမ်အောင် ဖန်တီးရန်နှင့် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုနယ်မြေများ ဖန်တီးရန်အတွက် အကြမ်းဖက်အဖွဲ့များကို လက်တွေ့ကျကျ ပေါ်ပေါ်တင်တင် အသုံးပြုနေကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့(SVR) ဒါရိုက်တာ ဆာဂေး နာရီရှ်ကင် (Sergey Naryshkin) က ပြောကြားခဲ့သည်။
Commonwealth of Independent States(CIS) အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးအေဂျင်စီများနှင့် အထူးဝန်ဆောင်မှုများဆိုင်ရာ အကြီးအကဲများကောင်စီ အစည်းအဝေးတွင် သူက ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါစာသားကို SVR ဝက်ဘ်ဆိုဒ်တွင်လည်း ထုတ်ပြန်ထားသည်။
အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက အခြားနိုင်ငံများရှိ ပြည်တွင်းပဋိပက္ခများကို အကဲဖြတ်ရာတွင် စံနှစ်မျိုးသုံးခြင်းကို ကျင့်သုံးနေပြီး၊ နိုင်ငံတကာ အကြမ်းဖက်ဝါဒ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တမင်တကာ ကိုင်တွယ်၍ လိုလျှင်လိုသလို မလိုလျှင်မလိုသလို အသုံးချနေဆဲဖြစ်ကြောင်း နာရီရှ်ကင်က မှတ်ချက်ပြုသည်။ “ဟာယက် တာရီယာ အယ်လ်-ရှမ် (Hay’at Tahrir al-Sham) အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းစာရင်းကနေ ဖယ်ရှားဖို့ အိမ်ဖြူတော်က ကြိုးပမ်းနေတာဟာ ထင်ရှားတဲ့ ဥပမာတစ်ခုပါပဲ” ဟု သူက ပြောကြားခဲ့ပြီး၊ အကြမ်းဖက်ဝါဒကို ခွဲခြားသတ်မှတ်ရာတွင် အနောက်တိုင်းက လှုံ့ဆော်ဖန်တီးလိုက်သည့် ရှုပ်ထွေးမှုသည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအား ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒလက်နက်တိုက်ထဲသို့ အကြမ်းဖက်ဝါဒနည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ပေးရန်အတွက် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးလိုက်ခြင်းပင်ဖြစ်ကြောင်း သူကဖြည့်စွက်ပြောကြားခဲ့သည်။
