တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားအား အောက်တိုဘာ ၁၅ ရက်မှ ယနေ့ အောက်တိုဘာ ၁၇ ရက်အထိ အနာဂတ်မြန်မာနိုင်ငံတော်တည်ဆောက်ခြင်းလုပ်ငန်းစဥ်၌ ပေါင်းစပ်ဆောင်ရွက်ရန်ရည်ရွယ်၍ ဆွေးနွေးပွဲများဖြင့် နေပြည်တော်၌ကျင်းပလျက်ရှိကြောင်း သိရသည်။
ဆွေးနွေးပွဲများကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)၏ (၁၀)နှစ်တာကာလအတွင်း အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကိုဆန်းစစ်သုံးသပ်ရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှရရှိခဲ့သည့် အတွေ့အကြုံများနှင့်အမြင်များကိုမျှဝေနိုင်ရန် အဓိကသက်ဆိုင်ရာအဖွဲ့အစည်းများ၊ Stakeholders များကြား ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်သည့် ကျယ်ပြန့်သောတွေ့ဆုံဆွေးနွေးမှုများကိုမြှင့်တင်ရန်တို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ အနာဂတ်မြန်မာနိုင်ငံတော်တည်ဆောက်ခြင်းလုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရွေးကောက်ပွဲတို့ကို ပေါင်းစပ်ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ဒေသန္တရအဆင့်၊ နိုင်ငံတကာအဆင့်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်တို့အတွက်လည်း ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျင်းပလျက်ရှိရာမှ ယနေ့ အောက်တိုဘာ ၁၇ ရက်တွင်လည်း “NCA ၁၀ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကိုသုံးသပ်ခြင်း၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပြန်လည်စုံလင်စွာပါဝင်လာနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိန်ခေါ်မှုနှင့် ပြဿနာအကြောင်းအရာများအပေါ် ရေတို၊ ရေရှည်ဆောင်ရွက်နိုင်မည့်နည်းဗျူဟာများဖော်ထုတ်ခြင်း”ခေါင်းစဉ်ဖြင့်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ဆွေးနွေးမှုများပြုလုပ်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ကဏ္ဍအသီးသီးမှထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်း၊ ပြည်ပအသိပညာရှင်၊ အတတ်ပညာရှင်များမှ ပိုမိုအာရုံစူးစိုက်၍ ပါဝင်လုပ်ဆောင်လာနိုင်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် ငြိမ်းချမ်းရေးမရရှိနိုင်ဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည်သာ ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဟု ပြည်သူလူထုကြား အသိအမြင်တိုးမြှင့်ရရှိလာနိုင်ခြင်း အကျိုးကျေးဇူးများရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဆွေးနွေးပွဲများမှ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားနိုင်မည့်ဖော်ထုတ်ရရှိချက်များကို ရေတို၊ ရေရှည်လုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့် အကျိုးကျေးဇူးများလည်းရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

























