အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့မှုများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား (၁၂၅) ဦးကို နိုဝင်ဘာ ၁၉ ရက်က ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
၎င်းတို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများက အိန္ဒိယနိုင်ငံမှတာဝန်ရှိသူများထံ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများနှင့်အတူ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်ကလည်း လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ရွှေကုက္ကိုလ်နယ်မြေအတွင်းဝင်ရောက်ရှင်းလင်းရာ တိုက်အမှတ် ၀၈ (၇) ထပ်အဆောက်အအုံမှ ကွန်ပျူတာ (၈၀) လုံး၊ မိုဘိုင်းဖုန်း (၄,၈၀၀) လုံးနှင့် ပြည်ပနိုင်ငံသား (၆၅) ဦး၊ တိုက်အမှတ် ၀၆ (၇) ထပ်အဆောက်အဦးမှ ကွန်ပျူတာ (၇၃) လုံး၊ မိုဘိုင်းဖုန်း (၆,၅၀ဝ) လုံးနှင့် ပြည်ပနိုင်ငံသား (၇၅) ဦး၊ ချန်စိမ်းတိုက် (၁၃) ထပ်အဆောက်အအုံမှ ကွန်ပျူတာ (၁၆၁) လုံး၊ မိုဘိုင်းဖုန်း (၇,၅၀၀) လုံးနှင့် ပြည်ပနိုင်ငံသား (၂၀၆) ဦးတို့ကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
၎င်းတို့အား မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာ၊ လုံထင်းဝန်းရှိ အဆောက်အဦး၌ ထိန်းသိမ်းထားပြီး တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့မှ ပြည်ပနိုင်ငံသား (၂၀၀) ဦးကိုစစ်ဆေးနိုင်ခဲ့ပြီးနောက် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရန် လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
