၎င်း၏ အာဏာထိန်းချုပ်မှု အားနည်းသွားသည်ဟု လေ့လာသူများက သုံးသပ်သည့် လူကြိုက်များမှု လျော့ကျသွားသော ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များထွက်ပေါ်ပြီး တစ်ပတ်ကျော်အကြာတွင် အစိုးရတစ်ဖွဲ့လုံးကိုနုတ်ထွက်ကြရန် ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အမိန့်ထုတ်လိုက်သည်။
စီမံခန့်ခွဲမှုပိုင်း ပြန်လည်ပြင်ဆင်ခြင်းအဖြစ် အကြောင်းပြချက်ပေးသော်လည်း မေလ ၁၂ ရက် နေ့ကြားဖြတ်ရွေးကောက်ပွဲများအပြီး ထွက်ပေါ်လာသော မစ္စတာ မားကို့စ်၏ အစိုးရအဖွဲ့နုတ်ထွက်ရန် တောင်းဆိုမှုသည် ဒုတိယသမ္မတ ဆာရာ ဒူတာတေးနှင့် ၎င်း၏ သဘောထားတင်းမာမှုများကြီးမားနေချိန်တွင် ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်ဖြစ်သည်။
သမ္မတထောက်ခံသော အထက်လွှတ်တော် ကိုယ်စားလှယ်လောင်းများစွာမဲရှုံးခဲ့သော်လည်း ဒူတာတေးသစ္စာခံ ကိုယ်စားလှယ်များနှင့် အတိုက်အခံ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များသည် အံ့အားသင့်ဖွယ် အောင်ပွဲခံနိုင်ခဲ့ကြပြီး အာဏာရညွှန့်ပေါင်းအဖွဲ့အတွင်း အက်ကြောင်းများ ရှိနေကြောင်းကို မီးမောင်းထိုးပြခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်သည် ၂၀၂၈ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် ၎င်း၏ လက်ကျန် သုံးနှစ်တာကာလအတွင်း မားကို့စ်၏ အားနည်းသွားသော လုပ်ပိုင်ခွင့်အပေါ် မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။
အစိုးရအဖွဲ့နုတ်ထွက်ရန် ကြေညာခဲ့အပြီးတွင် ဝန်ကြီးများနုတ်ထွက်ကြချိန်၌ အစိုးရဌာနများ၏ လုပ်ငန်းစဉ်များ အနှောင့်အယှက်ဖြစ်မည်မဟုတ်ဟု သမ္မတနန်းတော်က ဖိလစ်ပိုင်ပြည်သူများကို အာမခံခဲ့သည်။ မစ္စတာ မားကို့စ်က အစိုးရအဖွဲ့ ဝန်ကြီးကို ပြန်လည်ခန့်အပ်ခြင်း သို့မဟုတ် အစားထိုးခန့်အပ်ခြင်း မပြုသေးခင်အထိ အစိုးရဌာနအသီးသီးတွင် နောက်ထပ် အဆင့်မြင့်ဆုံး အရာရှိတစ်ဦးသည် ယာယီအတွင်းဝန်အဖြစ် ထမ်းဆောင်မည်ဟု မျှော်လင့်ရသည်။
မစ္စတာ မားကို့စ်သည် ဆက်ရှိနေမည့် သို့မဟုတ် နုတ်ထွက်ရမည့်သူအတွက် ဆုံးဖြတ်ရန် အချိန်ဇယားပေးမထားသော်လည်း လုပ်ရည်ကိုင်ရည်ကောင်းမွန်မှုနှင့် အရေးတကြီးအခြေအနေအရ အစိုးရအဖွဲ့အပြောင်းအလဲကို ဆုံးဖြတ်လိမ့်မည်ဟု ဆိုခဲ့သည်။ မေလ ၂၂ ရက် နံနက် ၉ နာရီကတည်းက အစိုးရအဖွဲ့အရာရှိများစွာသည် နုတ်ထွက်စာတင်မှုများ စတင်နေပြီဖြစ်ကာ ၎င်းတို့အနေဖြင့် သမ္မတ၏ ကျေနပ်နှစ်သက်မှုဖြင့် တာဝန်ထမ်းဆောင်ခဲ့သကဲ့သို့ သူ၏ အမိန့်ကိုလည်း လိုက်နာသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
ယခင်က ဖိလစ်ပိုင်သမ္မတများသည်လည်း အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရန် တောင်းဆိုခဲ့ဖူးသော်လည်း ယင်းသို့သော လုပ်ဆောင်ချက်များသည် များသောအားဖြင့် နိုင်ငံရေးအကျပ်အတည်းများကြုံရချိန်တွင် ဖြစ်လေ့ရှိသည်။
Ref: သည်စထရိတ်တိုင်းမ်စ်
