ဂျကာတာ၊ ဒီဇင်ဘာ ၂၄
ဘောလုံးသမိုင်းတစ်လျှောက် အဆိုးရွားဆုံး အားကစားကွင်း ဖြစ်ရပ်ဆိုးတစ်ခုအတွင်း သေဆုံးသွားသူများ သို့မဟုတ် ဒဏ်ရာရရှိခဲ့သူများနှင့် ဆွေမျိုးတော်စပ်နေသော အင်ဒိုနီးရှား မိသားစု ခုနှစ်စုသည် သူတို့တာဝန်ရှိသည်ဟု ယူဆထားသော အရာရှိများကို တရားစွဲထားကြောင်း သူတို့၏ ရှေ့နေက ဒီဇင်ဘာလ ၂၃ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။
အောက်တိုဘာလတွင် အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် မာလန်မြို့ရှိ ဘောလုံးကွင်းအတွင်း ဖြစ်ပွားခဲ့သော လူအုပ်ပိပြိုမှုကြောင့် ကလေး ၄၀ ဦးအပါအဝင် လူ ၂၃၅ ဦး သေဆုံးခဲ့ကြသည်။
ထိုဖြစ်ရပ် ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းအရာမှာ ရဲတပ်ဖွဲ့၏ မျက်ရည်ယိုဗုံး အလွန်အကျွံ သုံးစွဲခြင်းကြောင့်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုများက ဖော်ပြထားသည်။
မိသားစုဝင်များက အင်ဒိုနီးရှား ဘောလုံးအသင်း၊ အမျိုးသားရဲတပ်ဖွဲ့၊ လိဂ်စီစဉ်သူ ပီတီ လီဂါ အင်ဒိုနီးရှား ဘာရူ နှင့် မာလန် ဘောလုံးကလပ်ဖြစ်သည့် အာရီမာ အက်ဖ်စီ၏ ပိုင်ရှင်များအပါအဝင် အဖွဲ့ ရှစ်ဖွဲ့ကို တရားစွဲဆိုထားသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒီုဒိုကိုလည်း ပူးတွဲတရားခံအဖြစ် တရားစွဲဆိုသည့် စာရင်းထဲတွင် ထည့်သွင်းထားသည်။
မိသားစုဝင်များသည် တာဝန်ခံမှုနှင့် လျော်ကြေးပေးရန် တောင်းဆိုထားကြောင်း သူတို့၏ ကိုယ်စားပြုရှေ့နေ အီမန် ဟီဒါရက် က ပြောကြားခဲ့သည်။
“သေဆုံးသူတွေ ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးကို ကျွန်တော်တို့ စဉ်းစားရမှာဖြစ်ပါတယ်။ အသက်ကို ငွေနဲ့ လဲလှယ်လို့ မရပေမယ့် ကျွန်တော်တို့အမြင်အရတော့ သူတို့ဟာ လျော်ကြေးငွေ ရဖို့ ထိုက်တန်ပါတယ်” ဟု သူ က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
မိသားစုများသည် နစ်နာကြေးအနေဖြင့် အမေရိကန် ဒေါ်လာ ၃ ဒသမ ၉ သန်း တောင်းဆိုထားကြောင်း သိရသည်။
အဆိုပါတရားစွဲဆိုမှုကို ဗုဒ္ဓဟူးနေ့တွင် မာလန်မြို့ ရှိ တရားရုံးသို့ တင်သွင်းခဲ့ကြောင်း ဟီဒါရက် ပြောခဲ့သည်။
Source: CNA