ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သ လေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံ သား(၂၆)ဦးကို ယနေ့ အောက်တိုဘာ ၂၈ ရက်က သက် ဆိုင်ရာနိုင်ငံသို့လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
၎င်းတို့အား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံမှတာဝန်ရှိသူများက ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့မှတာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အ ထောက်အထားစာရွက်စာတမ်းများကိုစနစ်တကျလွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့တွင်လည်း မြန်မာနိုင်ငံအတွင်းသို့ တရား မဝင်ဝင်ရောက်လာသော ပါကစ္စတန်နိုင်ငံသား(၆၀)ဦး၊ ကင်ညာနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား (၄၁)ဦးနှင့် အိန္ဒိယနိုင်ငံသား(၁၁)ဦး(စုစုပေါင်း ၁၆၈ ဦး)ကိုထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် လာသည့် ပြည်ပနိုင်ငံသား(၁၀,၆၄၀)ဦးကိုထိန်းသိမ်းနိုင်ခဲ့ကာ (၁၀,၂၈၇)ဦးကိုစစ်ဆေးခဲ့ပြီး (၉,၃၆၅)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲ ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၁,၂၇၅)ဦးမှာလည်း သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အ သင့်ဖြစ်နေပြီဖြစ်ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့် ရှောက်ထားကြောင်း သိရသည်။
