မော်ရိုကိုနိုင်ငံ ၊ မာရကတ်ရှ်မြို့၌ ကျင်းပခဲ့သည့် (၉၃) ကြိမ်မြောက် အင်တာပိုလ် အထွေထွေညီလာခံသို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၏ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ညီလာခံတွင် အင်တာပိုလ်၏ အထူးအခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များဆိုင်ရာ အထွေထွေသဘောတူညီချက် (General Agreement on the Privileges and Immunities of the ICPO-INTERPOL) ကို အတည်ပြုခဲ့ကြကာ အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်၊ အတည်ပြုဝင်ရောက်ရန်နှင့် ပူးပေါင်းပါဝင်ရန်အဖွဲ့ဝင် နိုင်ငံအားလုံးကို တောင်းဆိုခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာစနစ်များ အသုံးပြုကျူးလွန်သော ရာဇဝတ်မှုများတိုက်ဖျက်ရေးနှင့် အီလက်ထရောနစ် သက်သေအထောက်အထားများ မျှဝေရေးတို့အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် ရည်ရွယ်သည့် ကုလသမဂ္ဂ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention against Cybercrime) ကို ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၄) ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ဗင်းရှင်းအား သက်ဆိုင်ရာနိုင်ငံဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်မှတ်ရေးထိုးရန်၊ အတည်ပြုရန် အားပေးတိုက်တွန်းခြင်းနှင့် ကုလသမဂ္ဂ၌ အင်တာပိုလ်၏ အခန်းကဏ္ဍကိုမြှင့်တင်ရန်အတွက် National Central Bureau များနှင့် ၎င်းတို့၏အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ကြရန် နှိုးဆော်တိုက်တွန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
ထို့နောက် အင်တာပိုလ်၏ မဟာဗျူဟာ မူဘောင် (၂၀၂၆ -၂၀၃၀) (Strategic Framework 2026-2030) ကို အတည်ပြုခြင်း၊ ဒေသဆိုင်ရာညီလာခံများတွင် အင်တာပိုလ် ဒေသအတွင်းရှိ အဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်နိုင်ရန်နှင့် ဒေသဆိုင်ရာညီလာခံများ၌ အင်တာပိုလ်၏ လုပ်ပိုင်ခွင့်နှင့်သက်ဆိုင်သည့်ကိစ္စရပ်များအားလုံး ဆွေးနွေးနိုင်ရေး ဖိုရမ်တစ်ခုပံ့ပိုးပေးရန်ဆုံးဖြတ်ခြင်း၊ ဒေတာများစီမံဆောင်ရွက်ခြင်းဆိုင် ရာကော်မတီ (Committee on the Processing of Data) သည် အင်တာပိုလ် သတင်းအချက်အလက် စနစ်မှတစ်ဆင့် ဒေတာများစီမံဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေမူဘောင်နှင့် ဒေတာများစီမံဆောင်ရွက်ခြင်းဆိုင်ရာ ကြီးကြပ်မှုယန္တရားများအပေါ် ပြန်လည်သုံးသပ်ပြီး အကြံပြုချက်များပေးရန်ဆုံးဖြတ်ခြင်းများလည်း လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့အတူ အင်တာပိုလ်၏ ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များ၊ ဘတ်ဂျက်မူကြမ်းနှင့် ၂၀၂၇ – ၂၀၂၈ ခုနှစ်အတွက် ဘဏ္ဍာရေးကြိုတင်ခန့်မှန်းချက်များ အတည်ပြုခြင်းတို့ကိုဆောင်ရွက်၍ ညီလာခံဆုံးဖြတ်ချက်များအဖြစ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညီလာခံသို့ အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူအဖွဲ့အစည်း စုစုပေါင်း (၁၈၁) နိုင်ငံ/အဖွဲ့တို့မှ ရဲချုပ်များ၊ ဒုတိယရဲချုပ်များ၊ National Central Bureau (NCB) အကြီးအကဲများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း (၈၀၀) ခန့် တက်ရောက်ခဲ့သည်။
