အကြမ်းဖက်ခံရသည့် အမျိုးသမီးများ ယာယီလုံခြုံရေးလိုအပ်ပါက ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော်၊ မုံရွာနှင့် စစ်တွေ၊ စုစုပေါင်း (၇) မြို့တွင် (One Stop Women Support Center-OSWSC) များကို ဖွင့်လှစ်ထားရှိထားကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ(၂၅)ရက်မှ ဒီဇင်ဘာ(၁၀)ရက်အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှုကာလကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်။
နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများသည် ပုံစံမျိုးစုံသော အကြမ်းဖက်မှုများကို ကြုံတွေ့နေရမည်ဆိုလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာနှောင့်နှေးစေမည်ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။
ထို့ကြောင့် မိမိတို့နိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်မကရှိသော အမျိုးသမီးထုကြီး၏ အခွင့်အရေးကို ဖော်ထုတ်ပေးခြင်း၊ စွမ်းဆောင်ရည်နှင့် အရည်အသွေးများကို မြှင့်တင်ပေးပြီး အသိအမှတ်ပြုပေးခြင်းနှင့် မိန်းကလေးငယ်များနှင့်အမျိုးသမီးများ ကြုံတွေ့နေရသော အခက်အခဲအတားအဆီးများကို ကြိုတင်ဖြေရှင်းပေးခြင်းများသည် တစ်နည်းအားဖြင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် အာဆီယံဒေသအဆင့်များမှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သဘောတူညီမှုများကို အကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ဒေသဆိုင်ရာ အမျိုးသမီးကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ဆောင်ရွက်နေကြောင်း သိရသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများစီစဉ်ပေးခြင်း၊ အခြားသောဝန်ဆောင်မှုများရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။
