ဖြစ်ပွားဆဲ ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ၊ ရန်ပုံငွေလိုအပ်ချက်များနှင့်ဝင်ရောက်ကူညီနိုင်ခွင့်အကန့်အသတ်များ ရှိနေသော်လည်း လူမှုကရုဏာလုပ်သားများသည် ယခုနှစ် လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းက အကူအညီလိုအပ်နေသူ ၁ ဒသမ ၈သန်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း UNOCHA Myanmar ကထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေ ၁၈သန်းနီးပါး (လူဦးရေစုစုပေါင်းရဲ့ သုံးပုံတစ်ပုံ)သည် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေသူများဖြစ်ကြောင်း UNOCHA Myanmar ကဆိုသည်။
သို့သော် ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ လူမှုကရုဏာလုပ်သားများသည် ဆက်လက်တည်ရှိနေပြီး အကူအညီများ ပံ့ပိုးနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လုပ်ဆောင်ရမည့် လုပ်ငန်းများ အများအပြားရှိနေဆဲဖြစ်သည့်အတွက် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်နိုင်ငံတကာမှ အထောက်အပံ့များ ပေးအပ်ရန် UNOCHA ကပြီးခဲ့သည့်ရက်ပိုင်းတွင် တောင်းဆိုထားသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများသည် ခက်ခဲပြီး အန္တရာယ်များသော်လည်း ရဲစွမ်းသတ္တိရှိသည့် လူမှုကရုဏာလုပ်သားများသည် နေ့စဥ်နေ့တိုင်း၎င်းတို့၏ အသက်ကို ပဓာနမထားပဲ လူမှုကယ်ဆယ်ရေးအကူအညီများကို ပံ့ပိုးပေးနေကြောင်း UNOCHA ကရေးသားထားသည်။