ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးရမည့်ရက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး ဟောင်ကောင်မြို့က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသသို့ ရောက်ရှိနေသော ကြိုတင်ဆန္ဒမဲပေးရန် လျှောက်ထားခဲ့သည့် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်မဲဆန္ဒနယ်များအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲရုံကို ဖော်ပြပါ နေ့ရက်၊ အချိန်နှင့် နေရာတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ဒီဇင်ဘာ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့ Room 2436-2440, 24/F, Sun Hung Kai Center, 30 Habour Road, Wanchai, Hong Kong SAR တွင် မဲပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးရန် လာရောက်ကြရာတွင် မြန်မာနိုင်ငံကူးလက်မှတ်(မူရင်း)၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း (သို့မဟုတ်) မိတ္တူ နှင့် ဟောင်ကောင်/မကာအိုဒေသ နေထိုင်ခွင့်အထောက်အထားကတ်မူရင်းတို့ကို မိမိနှင့်တပါတည်း ယူဆောင်လာကြရန် အသိပေးကြေညာထားသည်။
