ဟောင်ကောင်၊ ဇန်နဝါရီလ ၅
ဟောင်ကောင်တွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် အာရှဘဏ္ဍာရေးဖိုရမ်၌ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးထိပ်သီးအစည်းအဝေးကို ပထမဦးဆုံးအကြိမ် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး၊ ယင်းအစည်းအဝေးသည် ဘဏ္ဍာရေးကဏ္ဍနှင့် လက်တွေ့စီးပွားရေးကဏ္ဍတို့အကြား နက်နက်ရှိုင်းရှိုင်းပေါင်းစည်းရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (အိတ်ချ်ကေတီဒီစီ) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရနှင့် အိတ်ချ်ကေတီဒီစီ တို့ ပူးပေါင်းစီစဉ်သည့် အဆိုပါဖိုရမ်သို့ ကမ္ဘာ တစ်ဝန်းမှ ၃,၆၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားသည်။ “တိုးတက်ပြောင်းလဲလာသော အခင်းအကျင်းများတွင် နယ်ပယ်အသစ်များကို အတူတကွ ဖော်ဆောင်ခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ ဘဏ္ဍာရေးပညာရှင် ၁၀၀ ကျော် စုံညီစွာတက်ရောက်ပြီး ပထဝီနိုင်ငံရေး အပြောင်းအလဲများနှင့် နိုင်ငံများ၏ စီးပွားရေး လမ်းကြောင်းများကို ခွဲခြမ်းစိတ်ဖြာ ဆွေးနွေးကြမည်ဖြစ်ပါသည်။
အိတ်ချ်ကေတီဒီစီ ဥက္ကဋ္ဌ ဖရက်ဒရစ်မာက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးထိပ်သီးအစည်းအဝေး တွင် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများကိုသာမက လက်တွေ့စီးပွားရေးကဏ္ဍ၏ အဓိကကျသော အကြောင်း အရာများအထိ ဆွေးနွေးသွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရခြင်းမှာ တန်ဖိုးမြင့်စက်မှုလုပ်ငန်းများ၏ အလားအလာကို ဖော်ထုတ်ရန်နှင့် ပိုမိုခိုင်မာသော စီးပွားရေးတိုးတက်မှုအတွက် ဆန်းသစ်တီထွင်မှုလှိုင်းသစ်များကို တွန်းအားပေးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
အာရှဘဏ္ဍာရေးဖိုရမ် ဦးဆောင်ကော်မတီဥက္ကဋ္ဌနှင့် အိတ်ချ်အက်စ်ဘီစီ ဟောင်ကောင်၏ စီအီးအို မက်ဂျီနင်က ယခုနှစ်ဖိုရမ်တွင် တက်ရောက်လာသူများသည် နည်းပညာ၊ လူသုံးကုန်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘဏ္ဍာရေးကဏ္ဍများကို အသွင်ကူးပြောင်းလျက်ရှိသည့် ထိပ်တန်းလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ထိတွေ့နိုင်မည်ဖြစ်ပြီး ဟောင်ကောင်၏ အဓိကနယ်ပယ်များရှိ နောက်ဆုံးပေါ် တိုးတက်မှုများကိုလည်း လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဖိုရမ်တွင် ကဏ္ဍစုံအဖွဲ့လိုက် ဆွေးနွေးပွဲများ၊ မိန့်ခွန်းပြောကြားမှုများ၊ အကြောင်းအရာ တစ်ခုကို ပုံဖေါ်သော နေ့လယ်စာစားပွဲများနှင့် မနက်စာစားပွဲများစွာ ပါဝင်မည်ဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေးအလားအလာများ၊ စီးပွားရေးခန့်မှန်းချက်များနှင့် ဘဏ္ဍာရေးနှင့် စက်မှုကဏ္ဍရှိ အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို စူးစမ်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
Ref: ရှင်းဟွာ
